China(Nanning)

လက်ဖက်ရည်ကြမ်းအဓိကသောက်သုံးသည့် တရုတ်နိုင်ငံ၌ အာဖရိကမှ ကော်ဖီများ ဈေးကွက်ရရှိလာ

Last Updated:

လက်ဖက်ရည်ကြမ်းသောက်သုံးသည့် ယဉ်ကျေးမှုဓလေ့ထွန်းကားသော တရုတ်နိုင်ငံ၌ ကော်ဖီကြိုက်နှစ်သက်မှုသည် လျင်မြန်စွာ ကြီးထွားလာပြီး e-commerce platform ဖြစ်သည့် Meituan ၏ အချက်အလက်များအရ တရုတ်ကော်ဖီလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၂၀၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံခန့်) ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယွမ် (၃၆၉) ဘီလီယံအထိ ရောက်ရှိရန်ခန့်မှန်းထားသည်ဟု Xinhua သတင်း၌ ဖော်ပြထားကြောင်းသိရှိရပါသည်။

စီချွမ်ပြည်နယ်မှ ခရီးသွားဧည့်သည် Liu Xuedan သည် ဟူနန်ပြည်နယ်မြို့တော် Changsha ရှိ Yuenn & Yang ကော်ဖီဆိုင်တွင် အီသီယိုးပီးယားမှ ကော်ဖီစေ့များကို တရုတ် oolong လက်ဖက်ရည်နှင့် ရောစပ်ထားသည့် တရုတ်လက်ဖက်ရည် အရသာကော်ဖီ၏ ထူးခြားသောရနံ့ကြောင့် အံ့အားသင့်ခဲ့ရကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကော်ဖီစျေးကွက် တိုးတက်လာမှုအပြင် အာဖရိကမှ လယ်ယာထွက်ကုန်များအတွက် တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဆောင်ရွက်မှုများသည် အာဖရိကကော်ဖီများကို တရုတ်ကော်ဖီဆိုင်များနှင့် စားသုံးသူများထံသို့ ဈေးကွက်ဝင်ရောက်ရန် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အာဖရိကမှ လယ်ယာထွက်ကုန်များတင်ပို့သည့် ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းတွင် အီသီယိုးပီးယားမှ ကော်ဖီ၊ တန်ဇန်းနီးယားမှ သီဟိုဠ်စေ့၊ အိုင်ဗရီကို့စ်မှ ကိုကိုး၊ ကင်ညာမှ ထောပတ်သီးများအပါအဝင် "Made in Africa" ​​လယ်ယာထွက်ကုန် အမျိုးအစားများကို တရုတ်နိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်များပေါ်တွင် ပိုမိုမြင်တွေ့လာရကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံးမှုသည် တဖြည်းဖြည်း တိုးတက်လာလျက်ရှိပြီး ကော်ဖီသောက်သုံးသူများ အထူးသဖြင့် လူငယ်အများစုသည် ကော်ဖီစက်များကို ဝယ်ယူ၍ ကော်ဖီဖျော်နည်းသင်တန်းများသို့ တက်ရောက်ကြသည်ဟု ကော်ဖီထုတ်ကုန်များကို ကုန်သွယ်သည့် Cash Coffee ကုမ္ပဏီကို တည်ထောင်သူ Yao Siyi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Cash Coffee လုပ်ငန်း၌ အသုံးပြုသော ကော်ဖီစေ့အားလုံး၏ ထက်ဝက်ကျော်သည် အာဖရိကမှဖြစ်ပြီး အာဖရိကကော်ဖီစေ့များသည် တစ်မူထူးခြားသည့် အရသာရှိသဖြင့် ၎င်းတို့ကို အီတလီကော်ဖီစေ့များနှင့် ရောစပ်၍ အသုံးပြုသည်ဟု Yao က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Cash Coffee အခြေစိုက်ရာ Gaoqiao Grand Market တွင် ၂၀၂၂ ခုနှစ်တွင် ရောင်းချခဲ့သည့် ကော်ဖီစေ့တန်ချိန် (၂,၀၀၀) ၏ (၄၀) ရာခိုင်နှုန်းခန့်ကို အာဖရိကမှ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အာဖရိကမှ ကော်ဖီစေ့တင်သွင်းမှုကို မြှင့်တင်ရန် အာဖရိက ကော်ဖီရောင်းဝယ်ရေးစင်တာကို တရုတ်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါစင်တာမှတစ်ဆင့် တရုတ်ဝယ်သူများသည် ကြားခံကုန်သည်များကို ရှောင်ရှား၍ အာဖရိကလယ်သမားများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် ကုန်ကျစရိတ် (၃၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစင်တာသည် ပြခန်းနှင့် ဖြန့်ဖြူးရေးစင်တာတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးသည့်အပြင် အာဖရိက ကော်ဖီအမှတ်တံဆိပ်အသစ်များအတွက် ဈေးကွက်ရှာပေးသည့် နေရာလည်းဖြစ်ကြောင်း သိရှိရပါသည်။

Own Master (သို့မဟုတ်) Coffee Z သည် ရိုးရှင်းသော တင်သွင်းမှု လုပ်ငန်းစဉ်များမှ အကျိုးကျေးဇူးရရှိခဲ့ပြီး တရုတ်လူငယ်စားသုံးသူများကြားတွင် အာဖရိကကော်ဖီကို အသိအမှတ်ပြုမှုရရှိခဲ့သော အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါကော်ဖီဆိုင်သည် အာဖရိကကော်ဖီစေ့များကို အဓိကအသုံးပြုပြီး ယခုအချိန်အထိ တရုတ်နိုင်ငံတွင် ဆိုင်ခွဲပေါင်း (၅၀) နီးပါးဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

ကော်ဖီဆိုင်လုပ်ငန်းလုပ်ကိုင်သည့် Hunan Xiaokazhu Coffee ၏ တည်ထောင်သူ Jing Jianhua က ၎င်းတို့ကုမ္ပဏီသည် ယခုနှစ်အတွင်း ကော်ဖီဆိုင်ပေါင်း (၂၀၀) ဖွင့်လှစ်ရန် အစီအစဉ်ရှိပြီး အများစုမှာ လူငယ်များ မကြာခဏ ကော်ဖီဆိုင်ထိုင်လေ့ရှိသည့် မြို့ငယ်လေးများတွင် တည်ရှိမည်ဖြစ်ကြောင်းနှင့် တရုတ်လက်ဖက်ရည်ယဉ်ကျေးမှုနှင့် ကော်ဖီယဉ်ကျေးမှုနှစ်ခုကို ပေါင်းစပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20230628/e197c1c777bd4d2cb1b3cb962d34b1fc/ c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)