Thailand

အီတလီနှင့်ထိုင်းနိုင်ငံတို့အကြား အစားအစာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်

Last Updated:

အီတလီနိုင်ငံ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ Eastern Economic Corridor (EEC) တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ နှစ်နိုင်ငံကြား အစားအစာနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အပေါ် သဘောတူညီပြီးဖြစ်ပါကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Ms. Nalinee Taveesin က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံတို့၏ ဟင်းလျာအရည်အသွေးများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အပြန်အလှန် အကျိုးရှိစေရေးအတွက် ခရီးသွားဆိုင်ရာ အခွင့်အလမ်းများကိုလည်း ဖိတ်ခေါ်ခဲ့ကြပါကြောင်း၊ ထိုင်းနှင့် အီတလီအစားအစာများသည် ကိုယ်ပိုင်ဟန်ဖြင့် အမှတ်အသားများရှိကြပြီး ကမ္ဘာနှင့်အဝှမ်းတွင် လူကြိုက်များကြပါကြောင်း၊ ထိုင်းနိုင်ငံတွင်နေထိုင်ကြသော အီတလီနိုင်ငံသားများထက် အီတလီအစားအစာကို ထိုင်းနိုင်ငံသားများက ပိုမိုသုံးဆောင်ကြပါကြောင်း သူမကဆက်လက်ပြောကြားခဲ့ပါသည်။

အီတလီနိုင်ငံရှိ ခရီးသွားနေရာများသည် ထိုင်းခရီးသွားများအကြိုက်တွေ့ကြပြီး ထိုင်းသို့လာ‌ရောက်လည်ပတ်သည့် အီတလီနိုင်ငံသားများထက် ၁၀ ဆ ပိုများပါကြောင်း၊ ယင်းအချက်သည် ထိုင်းခရီးသွားကဏ္ဍကို အီတလီနိုင်ငံတွင် မြှင့်တင်နိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း Ms. Nalinee က အကြံပြုထားပါသည်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကို ကြည့်မည်ဆိုပါက အီတလီရင်းနှီးမြှုပ်နှံသူများသည် EEC၊ အခြေခံအဆောက်အအုံ၊ ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ်နှင့် အမြန်ရထား နည်းပညာဆိုင်ရာကဏ္ဍများ၌ ထိုင်းနိုင်ငံကို ဒေသတွင်း အချက်အချာအဖြစ်မှတ်ယူထားပါကြောင်း၊ Charoen Pokp-hand (CP) Group နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သော အီတလီနိုင်ငံပိုင် မီးရထားကုမ္ပဏီသည် ဒွန်မောင်း၊ သုဝဏ္ဏဘူမိနှင့် U-Tapao လေဆိပ်တို့အကြား ရထားလမ်းချိတ်ဆက်ရန်အတွက် တင်ဒါ အောင်မြင်ထားပါကြောင်း၊ အဆိုပါ စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၁၆,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သူမကဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံက အီတလီနိုင်ငံကို ဥရောပ၏ ကုန်သွယ်‌ရေးဝင်ပေါက်တစ်ခုအဖြစ် မှတ်ယူထားပါကြောင်း၊ အီတလီအနေဖြင့်လည်း ထိုင်းနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး၊ ပို့ကုန်နှင့် အစားအစာလုံခြုံ စိတ်ချရမှုများတွင် အထောက်အပံ့ပေးသွားရန် ကတိပြုထားပါကြောင်း Ms. Nalinee က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand