Japan

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့

Last Updated:

ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်ကို ရှာဖွေသူများအနေဖြင့် အလုပ်အကိုင်အသစ်များ ရရှိခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၂.၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဩဂုတ်လတွင် ၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ၁-၁၀-၂၀၂၄ ရက်နေ့ထုတ် The Kyodo News သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၌ ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူ စုစုပေါင်း အရေ အတွက်မှာ ၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၆၇.၉၁ သန်း ရှိခဲ့ကြောင်းနှင့် အချက်အလက်များ စတင်ကောက်ယူခဲ့သည့် ၁၉၅၃ ခုနှစ်မှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၁.၇၂ သန်း ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

အလုပ်လက်မဲ့ဦးရေအနက် ၇ သိန်းမှာ မိမိဆန္ဒအလျောက် အလုပ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မိမိဆန္ဒအလျောက် အလုပ်ထွက်ခဲ့သူဦးရေမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၁၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အလုပ်လက်မဲ့ ဦးရေအနက် ၃၉၀,၀၀၀ ဦးမှာ အလုပ်ထုတ်ခံရခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အလုပ် ထုတ်ခံရသူ ဦးရေမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

အလုပ်ရရှိနိုင်မှု အချိုးမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၁.၂၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဩဂုတ်လတွင် ၁.၂၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်းနှင့် အလုပ်ရှာဖွေသူ ၁၀၀ ဦးလျှင် ရရှိနိုင်သည့် အလုပ်အရေအတွက်မှာ ၁၂၃ ခု ရှိကြောင်း၊ လုပ်ငန်းခွင်အားဖြင့် ကြည့်မည်ဆိုပါက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် အလုပ်ခေါ်ယူမှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှု ကဏ္ဍတွင် အလုပ်သစ်ခေါ်ယူမှုမှာ ၂၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ လူနေမှုနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်သစ်ခေါ်ယူမှုမှာ ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

       

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: Japan