Thailand

ထိုင်းနိုင်ငံ သကြားစိုက်တောင်သူများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောကြား

Last Updated:

ထိုင်းနိုင်ငံအတွင်း မြင့်တက်လာသည့် သကြားဈေးနှုန်းကို ပြင်ဆင်သည့် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ကြံစိုက်တောင်သူများက စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံလိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တောင်သူများက သကြားဈေးနှုန်းကို ထိန်းချုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးခံစားရမည့်သူများကို သိလိုကြကြောင်း၊ စက်ရုံထုတ်သကြားဈေးနှုန်းကို ထိန်းချုပ်လိုက်ပါက အကျိုးခံစားခွင့်ရရှိမည့်သူများသည် သကြားကို ကုန်ကြမ်းအဖြစ် အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများပင်ဖြစ်ကြောင်း၊ ကမ္ဘာ့သကြားထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် အကြီးဆုံးနိုင်ငံများထဲမှဖြစ်သော ဘရာဇီးနိုင်ငံက ထိုင်းနိုင်ငံအစိုးရသည် ကြံစိုက်ပျိုးရေးနှင့် သကြားထုတ်လုပ်မှုတွင် တရားမမျှတစွာ ထောက်ပံ့နေသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဈေးကွက်မှ သကြားဈေးနှုန်း သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဈေးကြီးသော ဓာတ်မြေဩဇာကြောင့် စိုက်ပျိုးစရိတ်များ ကြီးမြင့်လာသော်လည်း ထိုအချိန်က နိမ့်ကျနေသည့် ကမ္ဘာ့ဈေးကွက် သကြားဈေးကို တောင်သူများက လိုက်နာကြကြောင်း ထိုင်းနိုင်ငံ ကြံစိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Narathip Anantasuk က ပြောကြားခဲ့ပါသည်။

ယခုအခါတွင် ကမ္ဘာ့သကြားဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၂၇-၂၈ ဘတ် ဖြစ်နေပါကြောင်း၊ ထိုင်းအစိုးရက ပြည်တွင်းသကြားဈေးကို အနိမ့်တွင်ထားရန် ကြိုးစားနေပါကြောင်း၊ ယင်းသို့ဆောင်ရွက်နေခြင်းသည် တောင်သူများအပေါ် မမျှတပါကြောင်း၊ ဈေးကွက်နည်းလမ်းကို နှောင့်ယှက်သည့် ပုံစံမျိုးဖြစ်နေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ကြံစိုက်တောင်သူများအား အစိုးရ၏ ဆောင်ရွက်ချက်အပေါ် တုန့်ပြန်သွားရန် ပြောကြားလိုကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

စိုက်ပျိုးစရိတ် ကြီးမြင့်လာသည့်အပေါ် ရုန်းကန်နေရသည့် တောင်သူများ၏ ခံစားချက်များကို မျှဝေလိုပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူများအတွက် လိုအပ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ပြင်ဆင်ရန် လိုအပ်သည်ကို နားလည်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနက တောင်သူများ၏ ဒုက္ခများ ဖြေလျှော့စေမည့် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဝန်ကြီး Ms. Pimphattra Wichaikul က ဖြည့်စွက်ပြောကြားပါသည်။

တောင်သူများကို လျော်ကြေးပေးနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရန် အစိုးရအဖွဲ့က သဘောတူခဲ့ပါကြောင်း အစိုးရ၏ ဒုတိယပြော‌ရေးဆိုခွင့်ရှိသူ Mr. Rudklao Suwankiri က ပြောကြားပါသည်။

မိုးရွာသွန်းမှုလျော့နည်းလာခြင်းကြောင့် ၂၀၂၃-၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် ကြံအထွက်နှုန်း လျော့နည်းနိုင်ကြောင်း၊ စိုက်ဧကနည်းပါးသော တောင်သူများ၏ ဝင်ငွေသာမက နိုင်ငံ၏ သကြားထုတ်လုပ်မှုနှုန်းကိုလည်း ထိခိုက်နိုင်ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ခန့်မှန်းထားပါသည်။  

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand