Korea

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလကတင်ပို့မှုဝင်ငွေထက် (၁၃) လအတွင်း ပထမဆုံးအကြိမ်အဖြစ်မြင့်မားလာပြီး နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေပြန်လည်ကောင်းမွန်လာ

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုပြန်လည် အားကောင်းလာပြီး ယခင်နှစ် အလားတူကာလက တင်ပို့မှုဝင်ငွေထက် ပိုမိုမြင့်မားလာခြင်းသည် (၁၃) လအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေးစက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာန၏ ကနဦးထုတ်ပြန်ချက်များတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်နေ့အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ အမေရိကန်‌ဒေါ်လာ (၅၅.၀၉၃) ဘီလီယံရရှိခဲ့ပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ (၅၃.၄၅၇) ဘီလီယံ သုံးစွဲခဲ့ရပါသည်။ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနတို့က ကနဦးထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တင်ပို့မှုသည် ယခင်နှစ်ကာလတူအတွင်း ပို့ကုန်တင်ပို့မှုထက်  (၅.၁) ရာခိုင်နှုန်း မြင့်မားလာပြီး သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် (၉.၇) ရာခိုင်နှုန်း လျော့ကျမှုရှိခဲ့ပါသည်။ သို့ဖြစ်၍ ကုန်သွယ်မှုပိုငွေပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ရုံးဖွင့်ရက်တစ်ရက်ချင်းစီအလိုက် ကုန်သွယ်မှုတွင်လည်း တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံအထိ ရောက်ရှိခဲ့သည့်အတွက်  ယခုနှစ်အတွင်း အများဆုံးပမာဏအဖြစ် စံချိန်တင် ရောက်ရှိခဲ့ပါသည်။ 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄၆.၃ ဘီလီယံအထိ ရောက်ရှိကျဆင်းခဲ့ပါသည်။ သို့သော်လက်ရှိတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို တင်ပို့နိုင်မှု ပြန်လည်မြင့်မားလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်လည်း ဆက်လက်အားကောင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနအကြီးအကဲ Mr. Kim Wan-ki  ကပြောကြားပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆.၈၆ ဘီလီယံရရှိခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၇.၅၅ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ တတိယသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံအထိရောက်ရှိခဲ့ပြီး တင်ပို့မှုအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပြင် ကား၊ သင်္ဘောနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့မှုသည်လည်း ယခင်နှစ်ကတင်ပို့မှုထက် မြင့်မားလာခဲ့ပါသည်။ အထူးသဖြင့် ကားတင်ပို့မှုသည် (၁၅) လ ဆက်တိုက်မြင့်မားလာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပို့ကုန်တင်ပို့မှုမြင့်မားပြီး သွင်းကုန်တင်သွင်းမှု ကျဆင်းခဲ့သည့်အတွက် ကုန်သွယ်မှုပိုငွေ ၁.၆၄ ဘီလီယံရရှိခဲ့ပါသည်။ ယင်းသို့ ကုန်သွယ်မှုပိုငွေပြနိုင်ခြင်းသည်လည်း (၅) လဆက်တိုက်ရှိပြီဖြစ်ပါသည်။ ပြည်ပမှတင်သွင်းရသည့် စွမ်းအင်ဈေးနှုန်းလျော့ကျခြင်း၊ ရေနံစိမ်းတင်သွင်းမှု ပမာဏမြင့်မားခဲ့သော်လည်း ဂက်စ်နှင့် ကျောက်မီးသွေးတင်သွင်းမှု ပမာဏလျော့ကျခြင်းတို့က ကုန်သွယ်မှုပိုငွေပြနိုင်စေခြင်း အကြောင်းရင်းများဖြစ်ခဲ့ပါသည်။

 

 

Source: The Korea Herald

https://m.koreaherald.com/view.php?ud=20231101000649

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea