China(Nanning)

နိုင်ငံတကာမှ လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများသည် တရုတ်နိုင်ငံအနောက်ပိုင်း ဈေးကွက်ကို မျက်စိကျနေ

Last Updated:

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်၏ မြို့တော်ချန်ဒူးတွင် ၃၀-၁၀-၂၀၂၃ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် 9th Sichuan Agricultural Expo တွင် လယ်ယာထွက်ကုန်များ အများအပြား ပါဝင်ပြသထားသည်ကို တွေ့ရှိရကြောင်း မော်ရိုကိုရှိ "XTRA Hypermarket” ၏ အကြီးအကဲ Taourghist Abdessamad က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျုံနှင့် ပဲပုတ်ကဲ့သို့သော အခြေခံလယ်ယာထွက်ကုန် အချို့ကိုသာ ဝယ်ယူနိုင်မည်ဟု ယူဆခဲ့သော်လည်း ပြပွဲတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများစွာကို မြင်တွေ့ခဲ့ရကြောင်း၊ တရုတ်ပြည်တွင်းမှလက်ဖက်စိမ်းကို အထူးစိတ်ဝင်စားပြီး နမူနာအချို့ဝယ်မည့်အပြင် တရုတ်လက်ဖက်ရည် ကုမ္ပဏီကို ဆက်သွယ်ရန် စီစဉ်လျက်ရှိသည်ဟု ၎င်းကပြောကြားခဲ့ပါသည်။

အဆိုပါကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲဧရိယာ စတုရန်းမီတာ (၁၄၀,၀၀၀) ကျယ်ဝန်းကာ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံအများအပြားမှ လုပ်ငန်းပေါင်း (၃,၀၀၀) ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် တရုတ်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရပါသည်။

ပြပွဲစီစဉ်သူ၏အဆိုအရ ဗြိတိန်၊ နီပေါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပါကစ္စတန်နှင့် အီတလီနိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံများသည် ပြပွဲအတွင်း အထူးအစီအစဉ်များ ပြုလုပ်ခဲ့ကြကြောင်း၊ ကုန်စည်ပြပွဲကို တက်ရောက်လာကြသည့် နိုင်ငံခြားကိုယ်စားလှယ် အများအပြားသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများရှိ လယ်ယာထွက်ကုန်စျေးကွက်ကို စိတ်ဝင်စားမှုပြသခဲ့ကြကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲတွင် အီသီယိုးပီးယားနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ဇာတိမြို့မှ ကော်ဖီစေ့များကို မိတ်ဆက်ခဲ့ပြီး လာရောက်ကြည့်ရှုသူများအတွက် ၎င်း၏ကော်ဖီကို မြည်းစမ်းစေခဲ့ကြောင်း သိရှိရပါသည်။

၎င်း၏ကုမ္ပဏီသည် တရုတ်ကုမ္ပဏီများနှင့် အရောင်းအဝယ်လုပ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်ကြောင်း၊ ယခင်က ၎င်းတို့သည် ရှန်တုန်းပြည်နယ်မှ အာဖရိကနိုင်ငံများသို့ လယ်ယာသုံးစက်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ပြီးနောက် တရုတ်လူငယ်များသည် ကော်ဖီကို ကြိုက်နှစ်သက်သည်ကို တွေ့ရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ၎င်းတို့သည် တရုတ်နိုင်ငံသို့ အီသီယိုးပီးယားမှ ကော်ဖီနှင့် နှမ်းများကို စတင်တင်ပို့ခဲ့ကြောင်း၊ ယခင်နှစ်တွင် ၎င်းတို့၏ရောင်းအားသည် အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) ခန့်အထိ ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ မိတ်ဖက်နိုင်ငံများမှ လုပ်ငန်းရှင်များအကြား လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့/ တင်သွင်းခြင်း အပါအဝင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး ယခုနှစ်ကုန်စည်ပြပွဲ၌ ရပ်ဝန်းနှင့်ပိုးလမ်းမစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အထူးပြခန်းဆောင်ကို ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

ပါကစ္စတန်နိုင်ငံသည် ယခုနှစ်ကုန်စည်ပြပွဲ၏ Guest of Honour ဖြစ်ပြီး Sichuan ရှိ နိုင်ငံတကာကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ အကြီးအကဲ He Xiaoyan သည် Pakistan National Pavilion ၌ Pakistan AMIR Rice Import & Export ကုမ္ပဏီမှ ပြသထားသော ဆန်အမျိုးအစား ဒါဇင်ကျော်ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

He Xiaoyan သည် ယခင်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ယခုနှစ်တွင် ၎င်း၏ကုမ္ပဏီကို ချန်ဒူးမြို့သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနောက်ပိုင်းသည် စိုက်ပျိုးရေးအရင်းအမြစ်များ ကြွယ်ဝပြီး စီချွမ်ရှိ လယ်ယာထွက်ကုန်စျေးကွက်တွင် အလားအလာကောင်းများ ရှိနေကြောင်း၊ ထို့အပြင် စီချွမ်တွင် တရုတ်-ဥရောပ ကုန်တင်ရထားများသည် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ မိတ်ဖက်နိုင်ငံများသို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းအချက်သည် တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၏ လယ်ယာထွက်ကုန် တင်ပို့/ တင်သွင်းမှုများအတွက် ခိုင်မာသော မောင်းနှင်အားတစ်ခုဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမှ ရရှိလာသည့် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန်အတွက် ရိုးရာလက်ဖက်ခြောက်ရောင်းချသည့် Zhejiang Beilai Chaxiang Biotechnology Co., Ltd. သည် ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် စတင်နေပြီဖြစ်ပြီး ယခုနှစ်တွင် ၎င်းတို့သည် နိုင်ငံတကာဈေးကွက်အတွက် အေးခဲထားသည့်လက်ဖက်ခြောက် ထုတ်ကုန်အသစ်ကို ပြသခဲ့သည်ဟု ကုမ္ပဏီ၏လက်ထောက်အထွေထွေမန်နေဂျာ Cui Bingqian က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်ပြပွဲမှတစ်ဆင့် ၎င်းတို့၏ လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် အရောင်းမြှင့်တင်ရန် မျှော်လင့်နေကြကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20231101/cadc0a1c4e5a41689476253abd2fcee6/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)