Singapore

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore-MAS) နှင့် တရုတ်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းစီမံခန့်ခွဲမှုဌာန (Chinese National Financial Regulatory Administration-NFRA) တို့အကြား ကြီးကြပ်မှု အားကောင်းစေရေး ကတိကဝတ်ကို ထပ်မံအတည်ပြု

Last Updated:

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore-MAS) နှင့် တရုတ်နိုင်ငံဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းစီမံခန့်ခွဲမှုဌာန (Chinese National Financial Regulatory Administration-NFRA) တို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် နှစ်နိုင်ငံအဖွဲ့အစည်းနှစ်ခုအကြား နှစ်စဉ်ကြီးကြပ်မှုစကားဝိုင်းဆွေးနွေးပွဲတွင် ဘဏ္ဍာရေးကဏ္ဍ ကြီးကြပ်မှုဆိုင်ရာလုပ်ငန်းစဉ်များ အားကောင်းစေရေး ကတိကဝတ်ပြုထားမှုကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် MAS ၏ ဒုတိယစီမံအုပ်ချုပ်မှု ဒါရိုက်တာ Ms. Ho Hern Shin နှင့် NFRA ၏ ဒုတိယဝန်ကြီး Mr. Zhou Liang တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

နှစ်ဖက်တာဝန်ရှိကိုယ်စားလှယ်များက NFRA မှ ဝန်ထမ်းများကို MAS တွင်တွဲဖက်တာဝန် ထမ်းဆောင်စေခြင်း၊ နည်းပညာဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မှု၊ ဒီဂျစ်တယ်ဆိုင်ရာပစ္စည်းများ၊ AI နှင့် အစိမ်းရောင်ဘဏ္ဍာရေးစသည်တို့အပါအဝင် လွန်ခဲ့သော ၂ နှစ်အတွင်း ပူးပေါင်း‌ဆောင်ရွက်မှု အရှိန်အဟုန်အားကောင်းလာမှုကို ကြိုဆိုခဲ့ကြပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ဘဏ်များနှင့်သက်ဆိုင်သည့် ကြီးကြပ်မှုပိုင်းဆိုင်ရာ ဦးစားပေးအချက်များ၊ NFRA ၏ အာမခံလုပ်ငန်းနှင့်စပ်လျဉ်းသည့် ကြီးကြပ်မှုမူဘောင်စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကြီးကြပ်မှုပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ပိုင်ဆိုင်မှုများစီမံခန့်ခွဲမှု ကဏ္ဍတွင်ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

“MAS နှင့် NFRA တို့အကြား ပုံမှန်ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသည် နှစ်ဖက်အဖွဲ့အစည်းများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ဘဏ္ဍာရေးအဖွဲ့အစည်းများကို ထိန်းကျောင်းရာတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ နှစ်နိုင်ငံတွင် ဘဏ္ဍာရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေး ပူးပေါင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” Ms. Ho Hern Shin က‌ ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍကို ကြီးကြပ်ကွပ်ကဲသည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများမှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဘဏ္ဍာရေးဆိုင်ရာထိန်းကျောင်းမှု၊ ကြီးကြပ်ကွပ်ကဲမှုများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ထိန်းကျောင်းရာတွင် တစ်နည်းအားဖြင့် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore