ဂျပန်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၃၅ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရေးအတွက် ရည်မှန်းချက်အသစ်ချမှတ် ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၂၄-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan eyes new emissions target of 60% cut by fiscal 2035” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏကို ၄၆ ရာခိုင်နှုန်းလျှော့ချနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်စေရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ရည်မှန်းချက်အသစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရည်မှန်းချက်အသစ်ချမှတ်သွားမည့်အဆိုပြုချက်ကို ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ကျင်းပမည့် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်စေရေးဆိုင်ရာ ပဲရစ်သဘောတူညီချက်နှင့်အညီ ဂျပန်အစိုးရ၏ ရည်မှန်းချက်အသစ်ကို ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂသို့တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အရင်းအမြစ်နည်းပါးသည့် ဂျပန်နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ချိန်ညှိဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပါအဝင် စက်မှုကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှုနှုန်းကိုမြှင့်တင်နိုင်ရေး လိုအပ်လျက်ရှိကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းသည် ၂၀၄၀ ပြည့်နှစ်၌ ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ သုံးစွဲမည့် စွမ်းအင်အရင်းအမြစ်များ နှင့်စပ်လျဉ်းသည့် စီမံချက်မူကြမ်းနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ၂၀၃၅ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ဆိုလာနှင့်လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့ကို တိုးမြှင့်သုံးစွဲရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏမှာ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁.၀၈၅ ဘီလီယံတန်ရှိခဲ့ပြီး ၂၀၁၃ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၂၂.၉ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ ၂၀၁၅ ခုနှစ်တွင်ချမှတ်ခဲ့သည့် ပဲရစ်သဘောတူညီချက်တွင် စက်မှုခေတ်မတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်မှုနှုန်းကို ၁.၅ ဒီဂရီစင်တီဂရိတ်တွင် ထိန်းထားနိုင်ရန် ရည်မှန်းချက် ချမှတ်ခဲ့ကြောင်း၊ ပဲရစ်သဘောတူညီချက်အရ ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂသို့ ရည်မှန်းချက်အသစ်များ တင်ပြသွားရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Nikkei Asia