Thailand

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်က တောင်ဘက်ပိုင်းရှိ ပြည်နယ် ၃ ခုကို ခရီးသွားဆွဲဆောင်မှုနေရာများ ဖြစ်စေရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ တောင်ဘက်ပိုင်းရှိ ပြည်နယ် ၃ ခုကို ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်သည့် နေရာများဖြစ်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး ဒေသများဖြစ်စေရန် မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ် Srettha Thavisin က နရသီဝတ်၊ ပတ်တနီ နှင့် ယလာပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် တောင်ဘက်စွန်းပြည်နယ်များတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နိုင်ငံ့ထိပ်တန်းပြည်နယ်များအဖြစ် အလားအလာကောင်းများရှိကြောင်း၊ သေချာစီမံထားသော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ခရီးသွားများ မျက်စိကျစေမည့် နေရာများအဖြစ်သို့ ပြောင်းလဲရန် လိုအပ်ကြောင်း၊ နယ်စပ်စစ်ဆေးရေးဂိတ်ဖြစ်သော ယလာ၏ ဘီတောင်ခရိုင်သည် သွားလာမှုကို အဆင်ပြေမှုရှိစေရေး အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ ယလာဒေသခံများသည် ရာဘာစိုက်ပျိုးခြင်းမှ ဈေးကောင်းရနိုင်သည့် ဒူးရင်းစိုက်ပျိုးခြင်းသို့ ပြောင်းလဲနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။

ခရိုင်မှ ပို့ကုန်များသည် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းနိုင်သည့် မော်တော်ယာဉ် အရေအတွက် ကြောင့် အကန့်အသတ်ဖြစ်နေပါကြောင်း၊ စစ်ဆေးရေးဂိတ်များမှ နိုင်ငံခြားခရီးသွားများ လွယ်လွယ် ကူကူဝင်ရောက်၍ ခရီးသွားဝင်ငွေ တိုးမြှင့်စေရေးအတွက် နိုင်ငံအနှံ့ရှိ ဂိတ်များကို အဆင့်မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဘီတောင်ခရိုင်မှ ပတ်တနီ၊ ထိုမှတစ်ဆင့် အခြားသော ပြည်နယ်များသို့ ချိတ်ဆက်သွားလာနိုင်ရန် အမြန်လမ်း ၄၁၀ ကို ချဲ့ထွင်နိုင်ရေး ပို့ဆောင်ရေးဝန်ကြီးဌာနတွင် အစီအစဉ် ရှိပါကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

 ဘီတောင်သည် အလားအလာကောင်းသည့် ခရိုင်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး လာနိုင်ကြောင်း၊ သို့သော် ခရီးသွားများအတွက် လုံလောက်သော ဟိုတယ်များမရှိသေးပါကြောင်း၊ အစိုးရအနေဖြင့် ယင်းဒေသ၏ ခရီးသွားဆွဲဆောင်မှုများ ဖွံ့ဖြိုးရန်နှင့် လေယာဉ် ပြေးဆွဲသည့် အကြိမ်ရေ တိုးမြှင့်ရန် ကြိုးပမ်းနေပါကြောင်း၊ Nok လေကြောင်းလိုင်း၏ စီမံချက် ပြီးဆုံးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် စီးပွားဖြစ်လေကြောင်းလိုင်းများ ပြေးဆွဲခြင်းမရှိသည့် ဘီတောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်စပ်လျဉ်း၍ ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က လေဆိပ်အဆင့်မြှင့်တင်ရေးစပ်လျဉ်းသည့် အဆိုပေါ် မှတ်ချက်ပြုပြောကြားခဲ့သည်။

ခရိုင်ခရီးသွားလုပ်ငန်းအသင်းက လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်နှင့် ခရီးသွားများဆွဲ ဆောင်နိုင်ရန် ဘီတောင်လေဆိပ်ပြေးလမ်းကို လက်ရှိ ၁.၈ ကီလိုမီတာမှ ၂.၅ ကီလိုမီတာအထိ ဝန်ကြီးချုပ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်အောက်မှ တိုးချဲ့ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းသို့ တိုးချဲ့လိုက်ခြင်းဖြင့် ထိုင်ခုံ ၁၅၀ မှ ၁၈၀ ဆံ့သော လေယာဉ်ကြီးများ ဆင်းသက်နိုင်မည် ဖြစ်ကြောင်း၊ လတ်တလောတွင် ထိုင်ခုံ ၈၀ ဆံ့လေယာဉ်များနှင့် ယင်းထက်နည်းသော လေယာဉ်ငယ်များသာ ဆင်းသက်နိုင်ကြောင်း အသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Narin Ruangwongsa က အကြံပြုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းသည်လည်း ဦးစားပေးဆောင်ရွက်သည့် ကဏ္ဍဖြစ်သည့်အားလျော်စွာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်အခြေအနေအပေါ် လေ့လာသုံးသပ်ခြင်း၊ အကြံပြုတင်ပြခြင်းများ ရရှိလာပါသည်။ ခရီးသွားဆွဲဆောင်မှုနေရာများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် နိုင်ငံ၏ ဝင်ငွေတိုးတက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။      

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand