Thailand

ထိုင်းနိုင်ငံ၌ ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်း လောင်စာဆီသုံးစွဲမှု မြင့်တက်

Last Updated:

ထိုင်းနိုင်ငံတွင် ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ၂၀၁၉ ခုနှစ်မှစ၍ ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့သော လောင်စာဆီ သုံးစွဲမှုသည် ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်း မြင့်တက်ခဲ့ကြောင်း စွမ်းအင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း လောင်စာဆီ ဝယ်လိုအား ပျမ်းမျှအားဖြင့် တစ်နေ့လျှင် လီတာ ၁၆၁ သန်း (၅.၆၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပါကြောင်း၊ ယင်းသို့ တက်လာရခြင်းမှာ ကပ်ရောဂါ ကန့်သတ်ချက်များ ဖြေလျှော့လိုက်သဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးသည့် နိုင်ငံပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း စွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms Nanthika က ဆိုပါသည်။

ဒီဇယ်သုံးစွဲမှုမှာ တစ်နေ့လျှင် လီတာ ၇၆.၄ သန်း (၀.၂ ရာခိုင်နှုန်း)၊ ဂက်စ်ဆိုလင်းနှင့် ဂက်စ်ဆို ဟော (91 သို့မဟုတ် 95)တို့၏ ဝယ်လိုအား လီတာ ၃၁.၇ သန်း (၆.၆ ရာခိုင်နှုန်း)ဖြင့် အသီးသီးမြင့်တက်လာပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြေလျှော့မှုကြောင့် လေကြောင်းဖြင့် ခရီးသွားလာမှု အသက်ဝင်လာခဲ့ပြီး လေယာဉ်ဆီသုံးစွဲမှုလည်း တစ်နေ့လျှင် လီတာ ၁၄ သန်းဖြင့် ရာနှုန်းပြည့်နီးပါး မြင့်တက်လာကြောင်း ၎င်းကဆိုပါသည်။

ရေနံဓာတုပစ္စည်း ကဏ္ဍတွင် Polymer ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် Liquefied Petroleum Gas -LPG ကို သုံးစွဲမှုနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ကယ်ရိုဆင့် (Kerosene) သုံးစွဲမှုလည်း ကျဆင်းခဲ့ကြောင်း၊ Compressed Natural Gas (CNG) သုံးစွဲမှုမှာ တစ်နေ့လျှင် ၃,၅၆၀ တန် (၇ ရာခိုင် နှုန်း)၊ လောင်စာဆီ လီတာ ၆.၈၂ သန်းဖြင့် အသီးသီး မြင့်တက်လာကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။

 ရေနံစိမ်းတင်သွင်းမှု တစ်နေ့လျှင် စည် ၁.၁၀ သန်း (၅.၇ ရာခိုင်နှုန်း) မြင့်တက်လာခဲ့သော်လည်း သန့်စင်ပြီးသောဆီကို တစ်နေ့လျှင် ၁၄၇,၃၇၁ စည်သာ တင်ပို့နိုင်သဖြင့် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၊ အစိုးရအရာရှိကြီးများက ရုပ်ကြွင်းလောင်စာ အသုံးပြုခြင်းမှသည် သန့်စင်သောလောင်စာ အထူးသဖြင့် ဇီဝလောင်စာနှင့် လျှပ်စစ်မော်တော်ကားများကို အများဆုံးအသုံးပြုမည့် National Oil Plan ကို ရေးဆွဲနေပါကြောင်း၊ ဇီဝလောင်စာဝယ်လိုအား မြင့်တက်စေရန် ဓာတ်ဆီဆိုင်များတွင် ဂက်စ်ဆိုဟော E10 (95 သို့မဟုတ် 91) အစား ဂက်စ်ဆိုဟော E20 (ဂက်စ်ဆိုလိုင်းနှင့် အီသနော ၂၀ ရာခိုင်နှုန်း ရောနှောထားသော) ကို အစားထိုးသုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source : www.bangkok.com

Category: Thailand