USA

နွေရာသီအပူချိန်လွန်ကဲမှုကြောင့် ကုန်ထုတ်လုပ်မှုဆုံးရှုုံးကာ အမေရိကန်စီးပွားရေးအပေါ် ဘီလီယံချီထိခိုက်မှုရှိ

Last Updated:

အပူရှိန်မြင့်တက်လာမှုကြောင့် ကုန်ထုတ်လုပ်မှုဆုံးရှုံးကာ အမေရိကန်စီးပွားရေးအပေါ် ဘီလီယံချီထိခိုက်မှုရှိကြောင်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့  New York Times အွန်လိုင်း သတင်းတွင် “Heat Is Costing the U.S. Economy Billions in Lost Productivity” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြ ထားပါသည်။

အမေရိကန်နိုင်ငံတွင် နွေရာသီကာလ၌ အလွန်အမင်းပူပြင်းသောဒေသများရှိ ကုန်တင်ယာဉ်မောင်းများနှင့် ဂိုဒေါင်အလုပ်သမားများသည် အလုပ်ခွင်အတွင်းအပူချိန်မြင့်မားသဖြင့် ယခင်လက ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ အပူချိန်(ဖာရင်ဟိုက်) ဂဏာန်းသုံးလုံးအထိရောက် သည့်နေ့များတွင် အော်လန်ဒိုမြို့ရှိ ဂိုဒေါင်အလုပ်သမားများမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်ကို ရွှေ့ဆိုင်းခဲ့ရပြီး အမေရိကန်၏မြောက်ဘက်နယ်စပ်ရှိ မီချီကန်ပြည်နယ်တွင်လည်း ဆောက်လုပ်ရေးအလုပ်သမားများ အလုပ်ချိန်လျော့ချလုပ်ကိုင်လျက်ရှိကြပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့အပူချိန်သည် သမိုင်းတစ်လျှောက်အမြင့်ဆုံးအဖြစ်မှတ်တမ်းတင်ခဲ့ရပြီး အပူချိန်ဆက်လက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ သုတေသနများအရ အပူချိန်ကြောင့် အလုပ်သမားများအပေါ် သက်ရောက်မှုရှိကာ စီးပွားရေးလုပ်ငန်းများတွင်ကုန်ထုတ်လုပ်မှုကိုလျော့ကျစေပါကြောင်း၊ ထို့အပြင် အပူချိန်မြင့်မားမှုကြောင့် အထူးသဖြင့် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိပါကြောင်း၊ Pennsylvania တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမားစီးပွားရေးပညာရှင် Mr. Jisung Park က လူသားများသည် အပူဒဏ်ခံနိုင်စွမ်းနည်းပြီး၊ အပူချိန်ကြောင့် ၎င်းတို့၏ အလုပ်စွမ်းရည်ကို ကျဆင်းလာသည်ကို လက်တွေ့စီးပွားရေးနယ်ပယ်တွင် ဖြစ်ပေါ်လျက်ရှိသည်ဟု ပြောကြားခဲ့ပါကြောင်း၊ ယခုနှစ်ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုတွင်လည်း အပူချိန်မြင့်မားမှုကြောင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုမြင့်မားပါကြောင်း၊ အကြောင်းရင်းမှာ ယင်းကဏ္ဍများသည် လုပ်သားအခြေပြု လုပ်ငန်းများဖြစ်သဖြင့် အပူချိန်ကြောင့် အလုပ်ချိန်လျော့ချရကာ ကုန်ထုတ်လုပ်မှုလျော့နည်း၍ ဆုံးရှုံးမှုများလာခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အပူချိန်ကြောင့် အမေရိကန်၏ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍရှိ အလုပ်သမားများ၏ အလုပ်ချိန် နာရီ (၂.၅) ဘီလီယံ ဆုံးရှုံးခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် အပူချိန်ကြောင့် အလုပ်သမားများ၏ အလုပ်ချိန် လျော့ချခြင်းရသည့်အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ (၁၀၀) ခန့် ဆုံးရှုံးခဲ့ပါကြောင်းနှင့် ဤသို့ ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်အဒေါ်လာဘီလီယံ (၅၀၀) အထိ နှစ်စဉ်ဆုံးရှုံးမှု တိုးလာနိုင်ကြောင်း အခြားသုတေသန အစီရင်ခံစာတစ်ခုက ခန့်မှန်းထားပါသည်။

ဆင်းရဲသည့်နိုင်ငံများနှင့် ချမ်းသာသည့်နိုင်ငံများရှိ အလုပ်သမားများ၏ လုပ်ခလစာအပေါ် အပူချိန်၏သက်ရောက်မှု မတူညီကြောင်းတွေ့ရပြီး အပူချိန်ကြောင့်  ဆင်းရဲသည့်နိုင်ငံများရှိ အလုပ်သမားများ၏ လစာမှာ (၅) ရာခိုင်နှုန်းခန့် လျော့နည်းသော်လည်း ချမ်းသာသည့်နိုင်ငံများတွင် (၁) ရာခိုင်နှုန်းသာ လျော့နည်းပါကြောင်း၊ ထို့အပြင် Adrienne Arsht-Rockefeller Foundation Resilience Center မှ ဒါရိုက်တာ Ms. Kathy Baughman McLeod က အလုပ်သမားများ အလုပ်ခွင်၌ ပူအိုက်ခြင်းသည် လုပ်ငန်းအရှုံးပေါ်မှုနှင့်ဆက်စပ်နေပြီး ပူပြင်းသဖြင့် အလုပ်သမားများ အလုပ်လုပ် ကိုင်မှုနှေးကွေးကာ အမှားများလုပ်နိုင်သဖြင့် ထိခိုက်မှုရှိနိုင်ပါကြောင်း၊ အလုပ်သမားကို အပူဒဏ်မှ အကွယ်ပေးရေးဆိုင်ရာ နိုင်ငံအဆင့်လုပ်ထုံးလုပ်နည်းများကို ယနေ့အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သမ္မတဘိုင်ဒင်အစိုးရက အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ (Occupational Safety and Health Administration) လုပ်ထုံးလုပ်နည်းများကို ကြေညာခဲ့သော်လည်း နှစ်နှစ်ကြာမြင့်သည့်အထိ မူကြမ်းအဆင့်သို့ မရောက်ရှိသေးပါကြောင်း၊ စီးပွားရေးလုပ်ငန်းများကလည်း အလုပ်သမားများအတွက် အနားယူချိန်၊ သောက်ရေ၊ အားလပ်ချိန် နှင့်လေအေးပေးစက်များ တင်ဆင်ခြင်းမှာ စရိတ်အများအပြားကုန်ကျနိုင်သည်ဟုအကြောင်း ပြလျက်နိုင်ငံအဆင့်စံနှုန်းသတ်မှတ်ချက်များကို လိုက်နာရန် ဆန့်ကျင်ခဲ့ကြပါကြောင်းဖြင့် ဖော်ပြထားသည်ကိုတွေ့ရပါသည်။

အမေရိကန်နိုင်ငံသည် ယခုနွေရာသီကာလအတွင်း အချို့ဒေသများ၌ အပူချိန်သည် (၅၇) ဒီဂရီစင်တီဂရိတ်အထိပင် မြင့်တက်ခဲ့ပြီး ထိုသို့အပူချိန်မြင့်မားသဖြင့် အလုပ်သမားများက ဆန္ဒပြမှု များရှိသည်ကို တွေ့ရပါသည်။ အပူချိန်မြင့်မားမှုနှင့် အအေးဒဏ်ကိုကာကွယ်ရန် မိသားစုများအား ဓာတ်ငွေ့နှင့်စွမ်းအင်လုံလောက်မှုရှိစေရေး ပြန်အမ်းငွေ ထောက်ပံ့ပေးခြင်းအစီအစဉ်များ ဖန်တီး ပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ရာသီဥတုပြောင်းလဲမှုသည် တစ်ကမ္ဘာလုံးကြုံတွေ့ နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်း  စောင့်ရှောက်မှု၊ ဖန်လုံအိမ်ဓာတ်ငွေလျော့ချမှုနှင့် ကာဗွန်ခရက်ဒစ်များရရှိအောင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

Category: USA