China (HongKong)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွက် ဟောင်ကောင်ဒေသ၏ ပြည်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း စုစုပေါင်း ပို့ကုန်/ သွင်းကုန်တန်ဖိုး မှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်း (တန်ဖိုး ဒေါ်လာ ၃၅၈.၃ ဘီလီယံ ) နှင့် ၀.၃ ရာခိုင်နှုန်း (တန်ဖိုး ဒေါ်လာ ၃၈၃.၉ ဘီလီယံ)အသီးသီး ကျဆင်းခဲ့ပြီး၊ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅.၆ ဘီလီယံရှိခဲ့ကြောင်း ဟောင်ကောင်ဒေသ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပို့ကုန်/သွင်းကုန် စုစုပေါင်းတန်ဖိုးသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၃.၂ ရာခိုင်နှုန်းနှင့် ၁၁.၀ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပြီး၊ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၈၇.၂ ဘီလီယံ ရှိကြောင်း အချက်အလက်များတွင် ဖော်ပြထားပါသည်။

ထို့ပြင် ဇွန်လ မှ ဩဂုတ်လ သုံးလပတ်ကာလအတွင်း စုစုပေါင်း ပို့ကုန်/ သွင်းကုန်တန်ဖိုး သည် ယခင် သုံးလပတ်ကာလ၏ ပို့ကုန်/သွင်းကုန် တန်ဖိုးနှင့်နှိုင်းယှဉ်ပါက ၀.၃  ရာခိုင်နှုန်းနှင့် ၀.၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဟောင်ကောင် ဒေသ၏ အာရှဒေသသို့ ပို့ကုန်တင်ပို့မှု ၃.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ အာရှဒေသရှိ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သည့် ကိုရီးယား (-၃၅.၃ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (-၂၃.၈ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၂၀.၈ ရာခိုင် နှုန်း)၊ ဂျပန် (-၁၉.၉ ရာခိုင် နှုန်း)၊ မလေးရှား (-၁၂.၈ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ  (-၁.၅ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ကျဆင်းခဲ့သော်လည်း၊ အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံ (၁၅.၈ ရာခိုင်နှုန်း)နှင့် ဗီယက်နမ် (၁၁.၃ ရာခိုင်နှုန်း) တို့သို့ တင်ပို့သည့် ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပါသည်။ ထို့ပြင် အာရှဒေသပြင်ပ အဓိက ပို့ကုန်ဈေးကွက်များ ဖြစ်သည့် ဂျာမနီ (-၂၄.၅ ရာခိုင်နှုန်း)၊ အမေရိကန် (-၁၃.၂ ရာခိုင်နှုန်း) တို့နှင့်လည်း ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ပါသည်။

သွင်းကုန်တင်သွင်းမှုတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဩဂုတ်လ၌ ဟောင်ကောင်ဒေသ၏ အဓိကသွင်းကုန်တင်သွင်းသည့် ဒေသများဖြစ်သည့် မလေးရှား (-၃၅.၆ ရာခိုင်နှုန်း)၊ ဗီယက်နမ် (-၁၄.၈ ရာခိုင်နှုန်း)၊ စင်ကာပူ (-၉.၉ ရာခိုင်နှုန်း)နှင့် ထိုင်ဝမ် (-၁.၃ ရာခိုင်နှုန်း) တို့အကြား သွင်းကုန်တန်ဖိုး ကျဆင်းခဲ့ပြီး၊ အခြားတစ်ဖက်တွင်  အမေရိကန် (၅.၄ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၄.၃ ရာခိုင်နှုန်း) တို့နှင့် သွင်းကုန်တန်ဖိုး မြင့်တက်ခဲ့ပါသည်။

ဩဂုတ်လအတွင်း ကုန်စည်ကုန်သွယ်မှု အားနည်းနေပြီး၊ ယခင်နှစ် အလားတူကာလ နှင့်နှိုင်းယှဉ်ပါက အမေရိကန် နှင့် ဥရောပသမဂ္ဂတို့သို့ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ထို့ပြင် တရုတ်ပြည်မနှင့် အာရှဒေသရှိ အဓိကဈေးကွက်များသို့ ပို့ကုန်တင်ပို့မှုမှာလည်း ကျဆင်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။ ပြင်ပဝယ်လိုအားကျဆင်းနေမှုသည် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနေမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် အခြေအနေကို အလေးထား စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ သည်ဟု ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)