တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်နယ် အနောက်တောင်ပိုင်း Heze စီရင်စု၊ Juye ခရိုင်တွင် စပါးအထွက်နှုန်း တိုးမြင့်စေရန် အမြဲစိုက်ပျိုးသည့် အခြေခံသီးနှံစိုက်ခင်းများအထွက်နှုန်းတိုးတက်စေရေး မြေယာပြုပြင်ဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်း စိုက်ပျိုးရေးကဏ္ဍအားကောင်းစေရန်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်စေရေး အရှိန်မြှင့်တင်သည့် နည်းလမ်းတစ်ခုအဖြစ် ဒေသအားလုံး၌ ၎င်းတို့ အမြဲစိုက်ပျိုးသည့် အခြေခံသီးနှံစိုက်ခင်းများ အထွက်နှုန်းမြင့်မားစေရေး ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Juye ရှိ Jiangcun ရွာ လယ်ကွင်းများ၌ လုပ်သား ၄၀ ကျော်နှင့် စက်ယန္တရား ၄၀ ကျော် အသုံးပြုကာ မြေယာဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ Zhangfeng မြို့တွင်းရှိ ကျေးရွာတစ်ခုတွင်လည်း ၂၀၂၄ ခုနှစ်တွင် စံချိန်မီ သီးနှံစိုက်ခင်း ဖော်ထုတ်မှုရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊ ဆည်မြောင်းများသွယ်တန်းခြင်း၊ မိုးခေါင်ရေရှားချိန်နှင့် ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်စဉ် ကာကွယ်ရန် တူးမြောင်းများဖောက်လုပ်ခြင်း စသည်ဖြင့် လယ်ယာမြေများ စနစ်တကျခိုင်မာစွာ ဖော်ထုတ်ရေးနှင့် သီးနှံအထွက်တိုးရေး စီမံကိန်းများ နည်းစနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစီမံကိန်းပြီးစီးသွားပါက မိုးခေါင်ရေကြီးသည့်ဒေသတွင် ရေသွင်းစိုက်ပျိုးမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄.၂၂ သန်း) ရှိသည့် Zhangfeng မြို့ စီမံကိန်းသည် စံချိန်မီသီးနှံစိုက်ခင်း ၆၆ ဟက်တာကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ Jiangcun၊ Sunzhuang၊ Sancun၊ Gaomapan နှင့် Zhangdong စသည့် ကျေးရွာ(၅)ရွာကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ Zhangfeng မြို့၏ လယ်ယာမြေအခြေခံအဆောက်အအုံနှင့် ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်နိုင်မှုအဆင့်သည် အလွန်မြင့်မားလာမည်ဖြစ်ပြီး ၎င်းသည် ကျေးလက်ဒေသရေရှည် ဖွံ့ဖြိုးမှုအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပေါ်ထွန်းလာမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်မှ စတင်ကာ အဆိုပါခရိုင်တွင် စံချိန်မီ သီးနှံစိုက်ခင်း ၂၄၅,၆၆၆ ဟက်တာ ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၌ Juye သည် စုစုပေါင်း စပါးအထွက်နှုန်း ၆၈၅,၂၀၀ မက်ထရစ်တန် စံချိန်တင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခေတ်မီနည်းပညာနှင့် စက်မှုလယ်ယာစနစ်မြှင့်တင်မှုမှတစ်ဆင့် စပါးတစ်ယူနစ် အထွက်နှုန်း တိုးတက်ခဲ့ကာ အကြီးစားထုတ်လုပ်မှုများအတွက် အထောက်အကူဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် Juye ၌ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်လျက်ရှိပြီး စပါးအထွက်တိုးခြင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ အသား၊ ဥများနှင့် ကြက်ဘဲမွေးမြူခြင်းလုပ်ငန်း (၇)ခုကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း၏ စက်မှုကွင်းဆက်ချဲ့ထွင်ခြင်းဖြင့် ခရိုင်၏လယ်ယာထွက်ကုန်နှင့် ဘေးထွက်ကုန်ပစ္စည်းများ စီမံဆောင်ရွက်သည့် လုပ်ငန်းအရေအတွက်မှာ အနည်းဆုံး ယွမ်သန်း ၂၀ မှ ၁၀၃ အထိရှိကြောင်း၊ စုစုပေါင်းလုပ်ငန်းလည်ပတ်မှုဝင်ငွေမှာ ယွမ် ၁၀ ဘီလီယံကျော်ရှိပြီဖြစ်ကြောင်း၊ ခရိုင်၏ ဂျုံနှင့် ဂျုံမှုန့်များ စီမံဆောင်ရွက်နိုင်မှုစွမ်းရည်မှာ တစ်ရက်လျှင် တန်ချိန် ၆၀၀၀ ရှိကြောင်း Heze ၏ ဒုတိယမြို့တော်ဝန်နှင့် Juye ၏ ပါတီအတွင်းရေးမှူးမှ ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
လက်ရှိတွင် Juye ၏ အရန်ဂိုဒေါင်များ၌ သိုလှောင်နိုင်မှုပမာဏသည် တန်ချိန် ၁၁၀,၀၀၀ ရှိပြီး Heze ၏ ပထမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် Juye Grain Reserve မှ ဒါရိုက်တာက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။
ရှန်းတုန်းသည် အဓိကသီးနှံထွက်ရှိသည့် ပြည်နယ်တစ်ခုအဖြစ် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း စပါးအထွက်နှုန်း မက်ထရစ်တန် ၅၆.၅၅၃ သန်း ရရှိခဲ့ကြောင်း၊ နိုင်ငံအဆင့်အနေဖြင့်တတိယရရှိခဲ့ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ပြည်နယ်၏ စုစုပေါင်း စပါးထွက်ရှိမှုသည် တန်ချိန် ၂၇.၁၆၅ သန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ .၆ ရာခိုင်နှုန်းတိုးလာကြောင်း ရှန်းတုန်းပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ပြောကြားထားကြောင်းလည်း သိရှိရပါသည်။
Source: Shandong builds more high-standard cropland for higher output - Chinadaily.com.cn
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ