Thailand

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုအခြေအနေများ တင်ပြ

Last Updated:

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှု (ပို့ကုန်/သွင်းကုန်) အခြေအနေကို လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံဖြစ်သဖြင့် ပင်လယ်ရေကြောင်း သာမက ကုန်းလမ်းကြောင်း (နယ်စပ်) ဖြင့်ပါ ကုန်သွယ်ရေးဆောင်ရွက်နိုင်သည့် အားသာချက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ပင်လယ်ရေကြောင်းနှင့် နယ်စပ်တို့မှ နှစ်နိုင်ငံကုန်သွယ်မှု အခြေ အနေသည် ၂၀၂၁ ခုနှစ်တွင် ဘတ် ၂၂၆,၁၇၁.၈၉ သန်း၊ ၂၀၂၂ ခုနှစ်တွင် ဘတ် ၂၈၆,၅၅၄.၅၃ သန်း အသီးသီးရှိခဲ့ပါသည်။ ကိန်းဂဏန်း ဖော်ပြချက်များအရ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကုန်သွယ်မှုပိုငွေ ဘတ် ၄၆,၃၂၁.၁၈ သန်းနှင့် ၃၈,၈၀၇.၁၂ သန်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများအကြား ပို့ကုန်တန်ဖိုးသည် ဘတ် ၈,၁၀၉,၇၆၅.၆၄ သန်း၊ သွင်းကုန်တန်ဖိုးသည် ဘတ် ၈,၄၃၉,၂၆၇.၇၅ သန်းရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဘတ် (-) ၃၂၉,၅၀၂.၁၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပို့ကုန်တန်ဖိုးသည် ဘတ် ၁၂၈,၉၁၂.၅၄ သန်းရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ၉၀,၂၇၇.၃၈ သန်းဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ  ဘတ် ၃၅,၅၆၁.၂၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တွင် (-) ၅.၉၂ ရာခိုင်နှုန်း လျော့နည်းတင်ပို့ခဲ့ပြီး သွင်းကုန်တွင်လည်း (-) ၁၁.၀၂ ရာခိုင်နှုန်း လျော့နည်းတင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိကတင်ပို့သည့် ကုန်စည်များမှာ အသင့်စားဆီ၊ အဖျော်ယမကာ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အလှကုန်များနှင့် အရေပြားထိန်းသိမ်းသည့် အလှကုန်များ၊ ပလပ်စတစ်အလုံးများ၊ ဂျုံထုတ်ကုန်များ၊ သံ၊ သံမဏိ၊ အဆီများ၊ အပင်နှင့် တိရစ္ဆာန်မှရရှိသည့် ဆီများ၊ အဝတ်အထည်များ၊ စက်ပစ္စည်းများ၊ ဖက်စ်၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ယာစက်မှုထုတ်ကုန်များ၊ ပလပ်စတစ်ထုတ်ကုန်များနှင့် အခြားစက်မှုထုတ်ကုန်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်သွင်းသည့် ကုန်စည်များမှာ သဘာဝဓာတ်ငွေ့၊ အပင်နှင့် အပင်ထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ၊ အသားများ၊ သတ္တုရိုင်း၊ သတ္တုအပိုင်းအစများ၊ လတ်ဆတ်၊ အေးခဲ၊ ပြုပြင်ပြီး ရေထွက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ဝါယာကြိုးများ၊ သစ်ထွက်ကုန်များ၊ အသင့်ချုပ်ပြီးအထည်များ၊ ကျောက်မျက် ရတနာနှင့် ရွှေငွေလက်ဝတ်ရတနာများနှင့် သံနှင့်  သံမဏိထုတ်ကုန်များဖြစ်ကြောင်း တွေ့ရှိရပါသည်။

နှစ်အလိုက် နှစ်နိုင်ငံကုန်သွယ်မှုပမာဏများကို နှိုင်းယှဉ်သုံးသပ်ရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိအတိုင်း ၂၀၂၃ ခုနှစ်၌ ကုန်သွယ်မှုပမာဏတွင် ပို့ကုန်၊ သွင်းကုန်များအလိုက် လျော့နည်းနေသော်လည်း ကုန်သွယ်မှုပိုငွေ ပိုမိုနေကြောင်းတွေ့ရှိရပါသည်။ ယင်းမှာ ဩဂုတ်လအတွင်း မြန်မာ နိုင်ငံ၌ ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှုကြောင့် အာရှလမ်းမကြီး၏ မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပျက်စီးခဲ့ရပြီး ကုန်စည်စီးဆင်းမှု အနည်းငယ် နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source:

  1. https://tradereport.moc.go.th/Report/Default.aspx?Report=Menucom Top NCountry&Option=1&Lang=Th&ImExType=1
  2. https://tradereport.moc.go.th/Report/Default.aspx?Report=MenucomTopNCountry&Option=2&Lang=Th&ImExType=0
  3. https://tradereport.moc.go.th/Report/Default.aspx?Report=TradeThSummary

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand