China(Nanning)

တရုတ်နိုင်ငံ၌ ယခုနှစ်တွင် သီးနှံထွက်ရှိမှု တန်ချိန် (၆၈၃)သန်းဖြင့် စံချိန်တင်

Last Updated:

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှုသည် ယခုနှစ်တွင် မက်ထရစ်တန်ချိန် (၆၈၃) သန်းဖြင့် စံချိန်တင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှုသည် တန်ချိန်သန်း (၆၅၀) ကျော်ရှိခဲ့သည်မှာ (၇) နှစ်ဆက်တိုက်ရှိပြီဟု ဗျူရိုကျေးလက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Wang Minghua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို ကာကွယ်ပေးသည့် တင်းကြပ်သော မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် မဟုတ်သည့် လယ်ယာမြေအသုံးပြုခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားကြောင်း၊ တရုတ်နိုင်ငံ၌ မြေလွတ်မြေရိုင်းများကို ဖော်ထုတ်၍ လယ်သမားများအား ထောက်ပံ့ပေးပြီး သီးနှံဆက်လက်စိုက်ပျိုးရန် တိုက်တွန်းအားပေးလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရလဒ်အနေဖြင့် ယခုနှစ်တွင် သီးနှံစိုက်ဧရိယာ ဟက်တာ (၁၁၈) သန်းအထိရှိခဲ့ပြီး ယခင်နှစ်ကထက် (၀.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ပြောင်းနှင့် ဂျုံစိုက်ပျိုးသော ဧရိယာသည် တိုးလာပြီး စပါးစိုက်ဧရိယာအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ပြောင်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြောင်းသီးနှံစိုက်ဧရိယာသည် တစ်နှစ်ထက်တစ်နှစ် (၅) ရာခိုင်နှုန်းမြင့်တက်လာပြီး အခြားသီးနှံများထက် စိုက်ဧရိယာအများဆုံးဖြစ်၍ ဟက်တာ (၄၃.၃) သန်းအထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ပဲစိုက်ဧရိယာ (၁၂.၇) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အဓိကအားဖြင့် ပဲပုပ်စိုက်ပျိုးမှုအတွက် ထောက်ပံ့မှုလျှော့ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် အာလူးစိုက်ဧရိယာ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း Henan ပြည်နယ်တွင် ရေကြီးမှုနှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးခေါင်မှုများကဲ့သို့သော နိုင်ငံ၏အချို့သောဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော ရာသီဥတုအခြေအနေများသည် ဆောင်းဦးသီးနှံအထွက်နှုန်းကို ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် သီးနှံစိုက်ပျိုးသောအဓိကဒေသများတွင် ရာသီဥတုအခြေအနေသည် ယေဘုယျအားဖြင့် သီးနှံများကြီးထွားမှုအတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း၊ အထွက်နှုန်းမြင့်သော ပြောင်းမျိုး၏ စိုက်ဧရိယာတိုးတက်လာခြင်းသည်လည်း စုစုပေါင်းသီးနှံအထွက်နှုန်းကို တိုးတက်လာစေကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပျမ်းမျှသီးနှံအထွက်နှုန်းမှာ ယခုနှစ်တွင်တစ်ဟက်တာလျှင် (၅.၈) တန်ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၁.၂) ရာခိုင်နှုန်း မြင့်တက်လာကြောင်းနမူနာစစ်တမ်းတစ်ခုတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။ ဂျုံနှင့် ဆန်အထွက်နှုန်း တိုးလာသော်လည်း Henan ပြည်နယ်အပါအဝင် ဒေသအချို့တွင် ရေလွှမ်းမိုးမှုများကြောင့် ပြောင်းအထွက်နှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် ဆန်၊ ဂျုံနှင့် ပြောင်းထွက်ရှိမှုပမာဏမှာ မြင့်တက်လာ၍ ပြောင်းတန်ချိန် (၂၇၃) သန်း ထွက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၄.၆) ရာခိုင်နှုန်း တိုးလာသည်ဟု ဗျူရိုကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပဲထွက်ရှိမှုသည် (၁၄.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပဲပုပ်ထွက်ရှိမှု (၁၆.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အရှေ့မြောက်ပြည်နယ်များနှင့် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စုစုပေါင်း ပဲပုတ်ထွက်ရှိမှု၏ (၇၀.၃)ရာခိုင်နှုန်းရှိကြောင်း၊ Heilongjiang ပြည်နယ်သည် ပဲထွက်ရှိမှုနှင့် ပဲစိုက်ဧရိယာနှစ်ခုစလုံးတွင် နိုင်ငံအတွင်း ပထမအဆင့်ဖြစ်ကြောင်း သိရှိရပါသည်။

ရေလွှမ်းမိုးမှုကြောင့် Henan ပြည်နယ်တွင် သီးနှံထွက်ရှိမှု တန်ချိန် (၂.၈) သန်း ကျဆင်းခဲ့သော်လည်း ယခုနှစ် စုစုပေါင်းသီးနှံရိတ်သိမ်းမှုသည် အမျိုးသားစားနပ်ရိက္ခာဖူလုံမှုကို သေချာစေပြီး (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၅)အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေသည်ဟု Wang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: https://global.chinadaily.com.cn/a/202112/07/WS61aeb543a310cdd39bc79c0e. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)