Thailand

အရောင်းမြှင့်တင်ရေးဆောင်ရွက်မှုများက ထိုင်းနိုင်ငံတွင်း လျှပ်စစ်မော်တော်ကား ရောင်းအားကို တွန်းအားပေးနိုင်

Last Updated:

၂၀၂၃ ခုနှစ်တွင် မော်တော်ကားမော်ဒယ်အသစ်များနှင့် ဈေးကွက်နည်းစနစ်များကြောင့် ဘတ္တရီ လျှပ်စစ်မော်တော်ကား (Battery Electric Vehicle-BEV) ရောင်းအားသည် အစီးရေ ၇၀,၀၀၀ ထိ ရောက်ရှိနိုင်ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့မှ ၁၂ ရက်ကြာ ကျင်းပလျက်ရှိသည့် Bangkok Internat-ional Motor Show သည် BEV ရောင်းအားကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Surapong Paisitpatanapong က ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ BEV ရောင်းချရမှုသည် အစီးရေ ၅၆,၁၁၉ စီးဖြစ်ပြီး မှတ်ပုံတင်မှုသည် အစီးရေ ၇၇,၇၃၇ စီးဖြစ်ကြောင်း၊ ပြည်တွင်းရောင်းအား၏ ၈.၈၆ ရာခိုင်နှုန်း ဈေးကွက်ပိုင်ဆိုင်မှုရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁ လအတွင်း အစီးရေ ၇,၃၉၄ စီး ရောင်းချနိုင်ခဲ့ကြောင်း၊ ဝယ်လိုအားနှင့် ထုတ်လုပ်အား မြှင့်တင်လိုသည့် အစိုးရ၏ EV မက်လုံးပေး အစီအစဉ်သစ်ကြောင့် BEV သည် ပိုမိုလူကြိုက်များလာခဲ့ပြီး လာမည့်နှစ်တွင် အစီးရေ ၁၀၀,၀၀၀ ထိ မှတ်ပုံတင်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း Mr. Surapong က ဆက်လက်ပြောကြားခဲ့သည်။

တင်သွင်းမော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များအတွက် ဘတ် ၅,၀၀၀ မှ ၁၀၀,၀၀၀ ကြား ထောက်ပံ့မှုရရှိမည့် EV 3.5 အစီအစဉ်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်ထိ အကျုံးဝင်ပါကြောင်း၊ EV 3.5 တွင် ပါဝင်လိုသည့် မော်တော်ကား ကုမ္ပဏီများသည် ထိုင်းနိုင်ငံ အတွင်းရှိ EV ထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ပြည်တွင်းတွင် EV စတင်ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် စုစုပေါင်း မော်တော်ကားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို BEV  ဖြစ်ရန်နှင့် ထုတ်လွှတ်မှုသုညဖြစ်သော မော်တော်ကား အစီးရေ ၇၂၅,၀၀၀၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၆၇၅,၀၀၀ စီးနှင့် လျှပ်စစ်ဘတ်စ်ကားနှင့် ကုန်တင်ကား ၃၄,၀၀၀ စီး ထုတ်လုပ်ရန် အစိုးရက ရည်မှန်းထားကြောင်း သိရှိရပါသည်။

အစိုးရ၏ EV ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မည့် ရှင်းလင်းသော မူဝါဒကြောင့် ထိုင်းနိုင်ငံသည် ဒေသတွင်း EV အချက်အခြာဒေသနှင့် မော်တော်ကားအဓိက ထုတ်လုပ်ရာဒေသဖြစ်လာနိုင်ကြောင်း Mr. Surapong က ထောက်ခံပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand