Korea

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုမှ ဝင်ငွေကို အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံအထိရရှိရန် ရည်မှန်းထား

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အဓိက ကျသည့် ပို့ကုန်တင်ပို့မှုကို မြှင့်တင်၍  ပို့ကုန်ဝင်ငွေကို အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားသည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးတာဝန်ယူထားသည့် Mr. Choi Sang-mok က ၄-၁-၂၀၂၄ ရက်နေ့ တွင် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် စီးပွားရေးမူဝါဒဦးတည်ချက်များဆိုင်ရာ ပူးတွဲအစိုးရသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်မြှင့်တင်ရေးသာမက ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း ပြည်တွင်း ငွေကြေးဖောင်းပွနှုန်းကို ၃ ရာခိုင်နှုန်းအောက်လျှော့ချသွားရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွနှုန်း လျှော့ချရန် တောင်ကိုရီးယားဝမ်ငွေ ၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈.၃၉ ဘီလီယံ) နီးပါးကို သုံးစွဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့် ပုဂ္ဂလိကသုံးစွဲနှုန်းတိုးတက်စေရေး ကြိုးပမ်းမည်ဖြစ် ကြောင်းနှင့် ပုဂ္ဂလိကသုံးစွဲနှုန်းကို အတားအဆီးဖြစ်စေသည့်အရာများကိုလည်း ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း Mr. Choi Sang-mok က ပြောကြားခဲ့ပါသည်။

အထက်ဖော်ပြပါ ကိစ္စရပ်များအပြင် ပြည်တွင်းတွင်ရှိနေသော နိုင်ငံခြားသားများဖြစ်သည့် ရင်းနှီးမြှုပ်နှံသူများ၊ ခရီးသွားများ၊ အလုပ်သမားများအတွက်လည်း အထောက်အပံ့များပေးသွားမည်ဖြစ်ပါကြောင်း၊ ရေရှည်တွင် နိုင်ငံ၏ GDP တိုးတက်နှုန်းကို လျော့ကျစေနိုင်သည့် Demogra- phic Crisis (ပြည်တွင်းရှိ လူဦးရေအချိုးအစားတွင် လူငယ်ဦးရေရှားပါးမှုနှင့် မွေးဖွားနှုန်းကျဆင်းမှု အကျပ်အတည်း) နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် နိုင်ငံခြားသားများကို အထောက်အပံ့များ ပေးသွားရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း Mr. Choi Sang-mok က ပြောကြားခဲ့ပါသည်။

အာရှ၏ စတုတ္ထမြောက်အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၏ နှစ်အလိုက်ပို့ကုန်တင်ပို့မှုကို လေ့လာရာတွင် ၂၀၂၃ ခုနှစ်၊ နှစ်အလိုက်ပို့ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ကထက် ၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တင်ပို့မှု သည် ၂၀၂၃ ခုနှစ်ကထက် ၈.၅ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တင်ပို့မှု တိုးတက်နိုင်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေးသည် ၂.၂ ရာခိုင်နှုန်းတိုးတက်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ လက်ရှိစာရင်းရှင်လက်ကျန်တွင် ပိုငွေအမေရိကန်ဒေါ် လာ ၅၀ ဘီလီယံရရှိမည်ဟု ခန့်မှန်းထားသည့်အတွက် ၂၀၂၃ ခုနှစ်က ပိုငွေအမေရိကန်ဒေါ်လာ ၃၁ ဘီလီယံထက် ပိုမိုမည်ဖြစ်ပါကြောင်း၊ ပို့ကုန်တင်ပို့မှုများ ပြန်လည်ကောင်းမွန်လာသည့်အတွက်  အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားမည်ဟု ခန့်မှန်းကြောင်း သမ္မတ ယွန်ဆုခ်ယော်က စီးပွားရေးမူဝါဒဦးတည်ချက်များဆိုင်ရာ ပူးတွဲအစိုးရသတင်းစာရှင်းလင်းပွဲနှင့်အတူ ၄-၁-၂၀၂၄ ရက်နေ့ကကျင်းပခဲ့သည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးတာဝန်ယူထားသည့် Mr. Choi Sang-mok ကလည်း ပြည်သူများ၏ စီးပွားရေးဦးတည်ချက်များကို ဒေါက်တိုင်ကြီး ၄ ခု ဖြစ်သည့် အသက်မွေးဝမ်းကျောင်းမှုတည်ငြိမ်စေရေး၊  ဖြစ်လာနိုင်သည့်အန္တရာယ်များကို စီမံခန့်ခွဲခြင်း ၊ လှုပ်ရှားပြောင်းလဲနေသောစီးပွားရေးအဖြစ်ရပ်တည်နေနိုင်ရေးနှင့် အနာဂတ်မျိုးဆက်များအတွက် စီမံချက်များချမှတ်ခြင်းတို့အောက်တွင် ရေးဆွဲထားပါကြောင်းပြောကြားခဲ့ပါသည်။

ပို့ကုန်မြှင့်တင်ရေးနှင့် ပို့ကုန်ဝင်ငွေ အမေရိကန်‌ဒေါ်လာ ၇၀၀ ဘီလီယံရရှိရေးအတွက် အစိုးရက ကုန်သွယ်မှုအထောက်အပံ့ချေးငွေ (Trade Financing) ပေးရန် ဝမ်ငွေ ၃၅၅ ထရီလီယံ သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊  ကုန်သွယ်မှုအတွက်ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာအစား ဝမ်ငွေဖြင့် ပေးချေခွင့်ပြုပေးမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ခွင့်ပြုခြင်းသည် နိုင်ငံ့သမိုင်းကြောင်းတွင် ပထမဆုံးအဖြစ် ခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု အကြီးစားများဖြစ်သည့် နျူကလီးယာစက်ရုံတည်ဆောက်နေသူများ၊ ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုလည်း အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံ ထောက်ပံ့ ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ Secondary Batteries၊ ဇီဝနည်း ပညာ၊ ဟိုက်ဒရိုဂျင်စွမ်းအင်နှင့် ရွေ့လျှားမှုဆိုင်ရာပစ္စည်းများနှင့်ယာဉ်များ ထုတ်လုပ်သူများကို အားပေးရန်အတွက်လည်း ဝမ်ငွေ ၁၅၀ ထရီယီယံသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှု ကို တိုက်ဖျက်ရန် ဝမ်ငွေ ၁၀.၈ ထရီယီယံသုံးစွဲ၍ စွမ်းအင်အတွက် လက်မှတ်များပေးခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် လျှော့ဈေးကူပွန်များပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်ပမှတင်သွင်းလာမည့် သစ်သီး ၂၁ မျိုးအပေါ်တွင်လည်း သွင်းကုန်အခွန်များ ဖယ်ရှားပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်သွားမည့်အပြင် ပြည်ပမှခရီးသွားဦးရေ သန်း ၂၀ အထိ ဝင်ရောက်နိုင်ရေးအတွက် တရုတ်နိုင်ငံအပြင်    ဗီယက်နမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အုပ်စုလိုက် ခရီးသွားများကို ဗီဇာကြေးကင်းလွတ်ခွင့်ဖြင့် လာရောက်စေမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခု နှစ်အတွက် ပြည်ပမှ လုပ်သားများကို ယခင်နှစ်ကထက် ၁၀၀,၀၀၀ ဦး တိုးမြှင့်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း Mr. Choi Sang-mok ပြောကြားခဲ့ပါသည်။

 

 

 

Source: https://www.koreatimes.co.kr/www/biz/2024/01/602_366344.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea