Thailand

ထိုင်းထုတ်ကုန်များကို ထိုင်းနိုင်ငံ၏ တီဗွီအစီအစဉ်များမှတစ်ဆင့် မြှင့်တင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သွားရန်ရှိ

Last Updated:

စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက ကမ္ဘာ့ဈေးကွက်တွင် ထိုင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန် ထိုင်းနိုင်ငံ၏ လူကြိုက်များကျော်ကြားသော Boys Love (BL) သို့မဟုတ် Y Series များကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Be On Cloud နှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့သည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၌ ပရိတ်သတ် အခိုင်အမာရရှိထားသော Y Series ထဲများမှ Phakphum “Mile” Romsaithong နှင့် Nattawin “Apo” Wattanagitiphat စသည့် အစီအစဉ် ၂ ခုကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပစ္စည်းများ၊ ဟင်းလျာများနှင့် ခရီးသွားဦးတည်ရာနေရာများကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ လူသိများသော သရုပ်ဆောင်များအနေဖြင့် ထိုင်းထုတ်ကုန်များကို မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးရရှိနိုင်ပါကြောင်း၊ ကိုရီးယားဇာတ်လမ်းတွဲများက ကိုရီးယားထုတ်ကုန်များကို ပူးပေါင်းကြော်ငြာပေးသကဲ့သို့ Be On Cloud ကလည်း ကူညီထောက်ပံ့ပေးမည်ဟု မျှော်လင့်ရပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုသည် ရိုက်ကွင်းများပေါ်တွင် သရုပ်ဆောင်များက အဝတ်အထည်များ ဝတ်ဆင်ပေးခြင်းဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များအပေါ် သာမက လူနေမှုပုံစံထုတ်ကုန်များ ထုတ်လုပ်သူများအတွက်ပါ အထောက်အကူပြုနိုင်ကြောင်း၊ ဇာတ်လမ်းရိုက်ကွင်းများသည် ပြည်နယ်များသို့ သွားရောက်ရိုက်ကူးပါက အဆိုပါ ဒေသထွက် အသေးစားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများကို သုံးစွဲရန် တိုက်တွန်းလိုပါကြောင်း၊ ဒေသခံများကို ကူညီရာရောက်သကဲ့သို့ ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူများကလည်း အဆိုပါဒေသသို့ သွားရောက်လည်ပတ်လိုကြမည်ဖြစ်ကြောင်း သုံးသပ်အကြံပြုထားပါသည်။

Be On Cloud နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကနဦးဖြစ်ပြီး ထိုင်းထုတ်ကုန်များနှင့် ဝန်ဆာင်မှုများကို ကမ္ဘာ့နှင့်အဝှမ်းတွင်မြှင့်တင်ရန် ရုပ်ရှင်၊ ဇာတ်လမ်းတွဲ ထုတ်လုပ်သူများ၊ ဒီဂျစ်တယ်နယ်ပယ်ရှိ ကုမ္ပဏီများနှင့် ထိုင်းစားသောက်ဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ထိုင်းနိုင်ငံ၏ Soft Power ကို မိတ်ဆက်ခြင်းဖြင့် “Local to Global” ပုံစံဖြစ်ပြီး ထိုင်းနိုင်ငံ သားတို့အတွက် ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ရုပ်ရှင်၊ ဇာတ်လမ်းတွဲများနှင့် ဒီဂျစ်တယ်နယ်ပယ်များမှ ပို့ကုန်ဝင်ငွေ ဘတ် ၉ ဘီလီယံ ရရှိရန် ခန့်မှန်းထားပါကြောင်း ဝန်ကြီး Mr. Phumtham က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအစိုးရက အသေးစားနှင့် အလတ်စား လုပ်ငန်းထုတ်ကုန်များကို Soft Power အသုံးပြုခြင်းဖြင့် မြှင့်တင်ပေးရုံသာမက ကမ္ဘာ့နိုင်ငံများသို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေး ဆောင်ရွက်မည့်အစီအမံများ ဖြစ်ပါသည်။  နိုင်ငံ၏ ဝင်ငွေတိုးတက်ရေးအတွက် Soft Power ၏ အားကို အသုံးပြု၍ ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand