Thailand

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် ကာလတိုးမြှင့် ပေးနိုင်ရေး ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အစည်းက တောင်းဆိုခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၄၀ ရာခိုင်နှုန်း တိုးမြှင့်စေရေးအတွက် အမေရိကန်နှင့် ဥ‌ရောပကဲ့သို့သော နိုင်ငံအဝေးမှ ခရီးသွားများ၏ ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို ရက် ၉၀ ထိ ကာလတိုးမြှင့်ပေးရန် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အစည်းက နိုင်ငံအဆင့်ခရီးသွား မူဝါဒကော်မတီကို တောင်းဆိုလိုက်ပါသည်။

ဗီဇာသက်တမ်းတိုးမြှင့်ပေးခြင်းဖြင့် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန် ခရီးသွားများ၏ နေထိုင်ကာလနှင့် ခရီးစဉ်အတွင်း သုံးစွဲမှုကို မြှင့်တင်ပေးနိုင်ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ရရှိသည့် နိုင်ငံများမှာ အမေရိကန်၊ ယူကေ၊ စကန်ဒီနေးဗီးယား (Scandinavia)၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသားများအတွက် ရက် ၉၀ နေထိုင်ခွင့်ကို ယာယီခွင့်ပြုပေးထားပါကြောင်း၊ အမေရိကန်နှင့် ဥ‌ရောပနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံတွင် ဗီဇာမလိုအပ်ဘဲ ရက် ၃၀ နေထိုင်နိုင်ပါကြောင်း အဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ Mr. Siripakorn Cheawsamoot က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်၊ ယူကေ၊ ဆွီဒင်နှင့် ဂျာမနီနိုင်ငံသားများ အပါအဝင် နိုင်ငံခြားခရီးသွား ၁၀၀,၀၀၀ ကျော်သည် ရက် ၆၀ နေထိုင်ခွင့်ရရှိသည့် ခရီးသွားဗီဇာအတွက် လျှောက်ထားခဲ့ကြပါကြောင်း၊ မလေးရှားနယ်စပ်ဝင်ပေါက်တွင် TM6 ဖောင်တောင်းခံမှု ရပ်ဆိုင်းထားခြင်း၊ ကာဇက်နိုင်ငံသားများအတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နှင့် ရုရှားနိုင်ငံသားများအတွက် ရက် ၉၀ ဗီဇာကင်း လွတ်နေထိုင်ခွင့်အပါအဝင် အခြားသောခရီးသွား အစီအမံများကိုလည်း ယခုနှစ် နှစ်ကုန်ပိုင်းအထိ ထားရှိပေးနိုင်ရေး ကော်မတီကို တောင်းဆိုလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်တွင် နိုင်ငံအဝေးမှ ခရီးသွားအသစ် ဦးရေ ၁၀ သန်းထိ မြင့်တက်လာရန်နှင့် ဝင်ငွေ ဘတ် ၁.၉ ထရီလီယံသို့ ရောက်ရှိရန်မျှော်မှန်းထားပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကိုလည်း စူရတ်သနီ (Surat Thani)၊ ယူ-တဘောင် (U-Tapao)၊ ကရာဘိ (Krabi) နှင့် ချင်းမိုင် (Chiang Mai) စသည့် လေယာဉ်ပြည့်ကျပ်မှုမရှိသည့် လေဆိပ်များသို့ပါ ခရီးစဉ်ပြေးဆွဲရန် အကြံပြုလိုကြောင်း၊ ပထဝီနိုင်ငံရေးအရ တင်းမာမှုများနှင့် ဥရောပစီးပွားရေး ကျဆင်းမှုများ ကြုံတွေ့နေရသော်လည်း ဥရောပခရီးသွားများသည် လေယာဉ်စရိတ်နှင့် ကာမိစေရန် နေထိုင်စရိတ်သက်သာသဖြင့် ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်လိုကြကြောင်း၊ တရုတ်နိုင်ငံမှ ဥရောပနိုင်ငံသားများအား ဗီဇာကင်းလွတ် နေထိုင်ခွင့်ပေးခြင်းသည် ဒေသတွင်း ပြိုင်ဘက်ဖြစ်ပြီး ယင်းသည် စိန်ခေါ်မှုမှသည် အခွင့်အလမ်းသို့ ပြောင်းလဲခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း ခရီးသွားဦးတည်ရာနေရာများအဖြစ် အိမ်နီးချင်းနိုင်ငံများနှင့် အတူတကွ ပူးပေါင်းမြှင့်တင်သွားမည်ဖြစ်ကြောင်း Mr. Siripakorn သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် နိုင်ငံအချို့အတွက် ရက် ၃၀၊ ရက် ၆၀ နှင့် ရက် ၉၀ စသည်ဖြင့် ဗီဇာကင်းလွတ်နေထိုင်ခွင့် အသီးသီးပေးခြင်းဖြင့် ခရီးသွားများ ပိုမိုဝင်ရောက်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိသည့်အပြင် ခရီးသွားလုပ်ငန်းကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းမြှင့်တင်သွားမည့် အစီအစဉ်ရှိနေပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand