Thailand

ထိုင်းနိုင်ငံအစိုးရက နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို မြှင့်တင်နိုင်ရေးအတွက် အစီအစဉ်များကို ထုတ်ဖော်ပြသခဲ့

Last Updated:

၂၀၂၃ ခုနှစ်အတွင်း တစ်ဆင့်ခံကုန်သွယ်မှုတန်ဖိုးသည် ဘတ် ၁.၇ ထရီလီယံသို့ ကျဆင်းခဲ့သဖြင့် ယခုနှစ်အတွင်း တစ်ဆင့်ခံကုန်သွယ်မှုအပါအဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတန်ဖိုး ပြန်လည်မြင့်တက်လာစေ‌ရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာ ၂၀၂၄-၂၀၂၇ အရ နယ်စပ်ဖြတ်ကျော်နှင့် တစ်ဆင့်ခံ ကုန်သွယ်မှုတိုးမြှင့်အတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကတိပြုပါကြောင်း၊ တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးသည့် စင်တာများ (One-stop services -OSS) နှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပို့ကုန်/သွင်းကုန် စာရွက်စာတမ်းများကို နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် (National Single Window-NSW) နှင့် ချိတ်ဆက်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဆင့်ခံ ကုန်သွယ်ရေးတွင် နိုင်ငံတစ်ခုထက်ပို၍ ကုန်စည်များစီးဆင်းခြင်းဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ronna-rong Phoolpipat က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် OSS စင်တာ ၈ ခုကို ချင်းရိုင်၊ တာ့ခ်၊ တာရက်၊ ဆုန်ခလာ၊ နောင်ခိုင်၊ နခွန်ဖနုန်၊ မုတ်တာဟန်နှင့် အူဒွန်ဌာနီ စသည့်ပြည်နယ်တို့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနက ရှေ့တန်း ဆောင်ရွက်သူများအားလုံးကို လမ်းညွှန်မှာကြားထားပါကြောင်း၊ လာအိုသို့ ညွှန်ကြားရေးမှူးချုပ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးပြဿနာများနှင့် နှစ်နိုင်ငံကုန်သွယ်ရေး၊ တစ်ဆင့်ခံကုန်သွယ်ရေးတို့ကို တိုးမြှင့်စေရန် ဆွေးနွေးခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း တစ်ဆင့်ခံကုန်သွယ်ရေးသည် ပို့ကုန် ဘတ် ၉၈၁ ဘီလီယံနှင့် သွင်းကုန် ဘတ် ၇၆၂ ဘီလီယံ ဖြစ်သဖြင့် စုစုပေါင်း ပမာဏ ဘတ် ၁.၇၄ ဘီလီယံ ဖြစ်ကြောင်း၊ ကုန်သွယ်မှု ပိုငွေဖြစ်ပေါ်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံ ၄ နိုင်ငံနှင့် ကုန်သွယ်မှုသည် ဘတ် ၉၃၀ ဘီလီယံဖြစ်ပါကြောင်း၊ မလေးရှားသည် ထိပ်ဆုံးမှရပ်တည်လျက်ရှိသော ကုန်သွယ်မှုမိတ်ဖက်ဖြစ်ပြီး ဘတ် ၂၈၇ ဘီလီယံ၊ လာအိုသည် ဘတ် ၂၆၁ ဘီလီယံဖြင့် ဒုတိယ၊ မြန်မာနိုင်ငံသည် ဘတ် ၂၂၀ ဘီလီယံဖြင့် တတိယဖြစ်ပြီး ကမ္ဘောဒီးယားသည် ဘတ် ၁၆၂ ဘီလီယံဖြင့် စတုတ္ထဖြစ်ပါကြောင်း၊ အဓိကပို့ကုန်များမှာ ဒီဇယ်၊ သန့်စင်ပြီးဆီ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

နယ်စပ် အကောက်ခွန်စစ်ဆေးဂိတ်များအနက် စတွန်းစစ်ဆေးဂိတ်သည် ဘတ်၂၂၆ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး မဲဆောက်နှင့် အာရန်ရာပရာသတ်တို့သည် ဘတ် ၁၀၇ ဘီလီယံနှင့် ဘတ် ၉၇.၂ ဘီလီယံ အသီးသီးဖြစ်ကြောင်း၊ တစ်ဆင့်ခံကုန်သွယ်မှုတွင် ဘတ် ၈၁၃ ဘီလီယံ ဖြစ်ကြောင်း၊ တရုတ်သည် ဘတ် ၄၂၃ ဘီလီယံဖြင့် ပထမ၊ စင်ကာပူသည် ဘတ် ၁၀၇ ဘီလီယံဖြင့် ဒုတိယ၊ ဗီယက်နမ်သည် ဘတ် ၇၀.၁ ဘီလီယံဖြင့် တတိယအများဆုံး တစ်ဆင့်ခံကုန်သွယ်သည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ တစ်ဆင့်ခံကုန်သွယ်မှုအတွက် စစ်ဆေး‌ရေးဂိတ်များအနက် မုတ်တာဟန်သည် ဘတ် ၂၈၆ ဘီလီယံဖြင့် ပထမ၊ စတွန်းသည် ဘတ် ၂၀၈ ဘီလီယံဖြင့် ဒုတိယ၊ နခွန်ဖနုန်သည် ဘတ် ၉၅.၄ ဘီလီယံဖြင့် တတိယအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်း၊ လာအို၏ ငွေလဲလှယ်နှုန်းအား ပျော့နေခြင်း၊ ကမ္ဘောဒီးယားစားသုံးသူများ၏ ဝယ်လိုအားကျဆင်းခဲ့ခြင်း စသည်တို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ကျဆင်းခဲ့သော်လည်း တစ်ဆင့်ခံကုန်သွယ်ရေးတွင် တိုးတက်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ လတ်ဆတ်ဒူးရင်းသီး၊ Hard disk drive၊ ပြုပြင်ပြီးသစ်သားတို့ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့လာစေရန် နယ်စပ်ဂိတ်ပေါက်များတွင် OSS စင်တာများဖွင့်လှစ်ခြင်းနှင့် NSW ကို ထိထိရောက်ရောက်သုံးစွဲခြင်းဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် အလားအလာရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand