Thailand

စက်မှုထုတ်ကုန်များ တင်ပို့နိုင်မှုသည် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုညွှန်ကိန်းကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးနှေးကွေးနေမှုကြောင့် ထုတ်လုပ်မှုတွင် တိုးတက်မှု နှေးကွေးခဲ့သော်လည်း ပို့ကုန်များ၏ တွန်းအားကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုညွှန်ကိန်းသည် မြင့်တက်လာဖွယ်ရှိကြောင်း၊ ညွှန်ကိန်းဖော်ပြချက်အရ ကျဆင်းခဲ့သော်လည်း စက်မှုထုတ်ကုန်များ တင်ပို့ခဲ့မှုသည် ကောင်းမွန်သောလက္ခဏာကို ပြနေပါကြောင်း စက်မှုစီးပွားရေးရုံး၏ ညွှန်ကြားရေးမှူးချုပ် Ms. Warawan Chitaroon က ပြောကြားခဲ့သည်။

ရွှေနှင့် လက်နက်များမပါဝင်သော စက်မှုထုတ်ကုန်များ၏ ပို့ကုန်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တိုးတက်လာခဲ့ကြောင်း၊ ယင်းသို့ တိုးတက်လာခြင်းသည် ထုတ်လုပ်မှုညွှန်ကိန်းကို မြှင့်တင်ပေးရာရောက်ကြောင်း၊ ယခုနှစ်အတွင်း အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား စသည့်အဓိက ကုန်သွယ်ဖက်နိုင်ငံများက သမ္မတအသစ်အတွက် ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဝန်ကြီးချုပ်ရွေးချယ်ခြင်းတို့ ဆောင်ရွက်သွားရန်ရှိသဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်မှု ရှိ-မရှိ အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ အမေရိကန်နိုင်ငံက နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံက ဧပြီလအတွင်းတွင် လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် သက်ရောက်မှုရှိနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ် ထုတ်လုပ်မှုညွှန်ကိန်းကျဆင်းရခြင်းမှာ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးတို့ နှေးကွေးနေခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေး မြန်မြန်ဆန်ဆန် ကောင်းမွန်လာမှု မရှိခြင်းမှာ အိမ်ထောင်စုကြွေးမြီ မြင့်တက်နေခြင်းကြောင့် သုံးစွဲမှုအပေါ် ထိခိုက်စေကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်စုကြွေးမြီသည် GDP ၏ ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ချေးငွေအပေါ် အတိုးနှုန်း မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်သူများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျမှုများ ဖြစ်ပေါ်စေကြောင်း၊ ဆီသန့်စင်သည့် စက်မှုလုပ်ငန်းတွင် ထုတ်လုပ်မှုတိုးတက်လာသည်ကို မြင်တွေ့ရပါ ကြောင်း၊ လေယာဉ်ဆီနှင့် ဒီဇယ်ဆီထုတ်လုပ်မှုတွင်လည်း တိုးတက်လာခဲ့ပြီး ပြည်တွင်းဝယ်လိုအား မြင့်တက်လာမှုကြောင့် ကေဘယ်ကြိုးများ တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း Ms. Warawan က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင်း ပြည်သူများ၏ အိမ်ထောင်စုကြွေးမြီ မြင့်တက်လာမှုနှင့် အဓိကကုန်သွယ်မှု မိတ်ဖက်နိုင်ငံများတွင် ပထဝီနိုင်ငံရေး ပဋိပက္ခများရှိနိုင်သဖြင့် ပို့ကုန်များအတွက် စိုးရိမ်ပူပန်မှုရှိနေသော်လည်း အချို့သော ကုန်ပစ္စည်းများ၏ ပြည်တွင်းဝယ်လိုအား တိုးတက်လာသောကြောင့် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုညွှန်ကိန်းသည် အမြင့်ဖက်သို့ ဦးတည်သွားနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand