Phillippines

ဖိလစ်ပိုင်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တိုးမြင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့

Last Updated:

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Special Summit to Commenmorate the 50th Anniversary of ASEAN-Australia Dialogue သို့ တက်ရောက်နေသော ဖိလစ်ပိုင်သမ္မတမားကို့စ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပြ၍ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ အား တိုးမြှင့်ဆောင်ရွက်သွားရန်သဘောတူညီခဲ့ကြပြီးလက်ရှိကြုံတွေ့နေရသည့် အယ်နီညို၏ သက်ရောက် မှုများကြား ဆန်တိုးမြှင့်ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေသွားရန်လည်း ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ အထူးသဖြင့် ဆန်ကုန်သွယ်မှုအား တိုးမြှင့်လိုသည်ဟုသမ္မတမားကို့စ်မှပြောကြားခဲ့ပါကြောင်း၊ အချို့သော နားလည်မှုစာချွန်လွှာများသည် သက်တမ်းကုန်ဆုံးပြီ ဖြစ်သဖြင့် ပြန်လည်အသက်သွင်းရန် လိုအပ်လျက်ရှိပါကြောင်း၊ကိုဗစ်-၁၉ ကပ်ရောဂါကာလကကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများအပေါ် အခြေခံ၍ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တင်ပို့ရောင်းချနိုင်မည့်သူများ၊ သင့်တော်သည့်နည်းလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် စပါးထွက်ရှိမှုနှုန်း မြင့်တက်ခဲ့သော်လည်း သမ္မတအနေဖြင့် ပြည်တွင်း ဆန်ရိက္ခာဖူလုံရန်အတွက် ဆန်တင်သွင်းမှုသည်လည်း လိုအပ်သောကြောင့် အလေးပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ တွေ့ဆုံမှုနှင့်စပ်လျဉ်း၍ သမ္မတမားကို့စ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စတို့ကိုလည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရေးသားခဲ့ပါသည်။  

နောက်ထပ်ထပ်မံတိုးမြှင့်ဆောင်ရွက်သွားလိုသည့်ကဏ္ဍမှာ ခရီးသွားလုပ်ငန်းကဏ္ဍဖြစ်ပြီး  လေကြောင်းလိုင်းများလည်း တိုးချဲ့သွားလိုပါကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်မှ ဆွေးနွေးရာတွင် နှစ်နိုင်ငံကြား ခရီးသွားဧည့်သည်များ တိုးမြင့်လာစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ လေကြောင်းဖြင့် ၅ ကြိမ် ပြေးဆွဲလျက်ရှိပြီ ထပ်မံ၍ စီဘူး (Cebu)မြို့သို့လည်း လေကြောင်းလိုင်းတိုးမြှင့်ပြေးဆွဲလိုပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ မြို့တွင် မကြာသေးမီက လေဆိပ်ဖွင့်လှစ်ထားရှိပြီး လာမည့်နှစ်တွင် ဖနွမ်းပင်းမြို့တွင် နောက်ထပ် လေဆိပ်တစ်ခုအား တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည်လည်း နီနွိုင်းအကွီနို နိုင်ငံတကာလေဆိပ်အား ခေတ်မီဆန်းသစ်စေရန် အတွက်ပြင်ဆင်မှုများ ဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုပြီးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်စေရန် ဖြစ်ပါကြောင်း၊ ပြည်တွင်းလေဆိပ်များနှင့် ပြည်တွင်းလေကြောင်းလိုင်းများကိုလည်း ယခုထက်တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း၊မိမိအပါအဝင်ဖိလစ်ပိုင်နိုင်ငံသားများမှာလည်းကမ္ဘောဒီးယား  သို့ လာရောက်လည်ပတ်ရန် စိတ်ဝင်စားလျက်ရှိသည်မှာ သေချာကြောင်း သမ္မတမားကို့စ်မှ ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်းကဏ္ဍ၊ ခရီးသွားဧည့်သည်များ လဲလှယ်သွားလာမှုများ တိုးမြှင့်သွားရန်ကြိုဆိုကြောင်း ပြောကြားခဲ့ကြပါကြောင်းနှင့် သမ္မတမားကို့စ်အနေဖြင့် မဲလ်ဘုန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသို့ လက်ရှိဆန်တင်ပို့လျက်ရှိသည့် နိုင်ငံများမှာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ် တို့ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တင်ပို့မှုအများဆုံးမှာ ဗီယက်နမ်ဖြစ်ပြီး ဆန်တန်ချိန် ၂,၉၉၀,၃၉၂.၉၅ မက်ထရစ် တန် တင်ပို့ခဲ့ပါကြောင်း၊ ဒုတိယ တင်ပို့မှု အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၃၄၅,၂၉၄.၁၀ မက်ထရစ်တန် နှင့် တတိယအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ပြီး ၁၅၁,၁၈၃.၀၀ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည့် ဆဋ္ဌမမြောက်နေရာတွင်ရပ်တည်လျက်ရှိပြီး ဆန်တန်ချိန် ၃,၆၁၅ မက်ထရစ် တန် တင်ပို့ခဲ့ပါသည်။ (၂၂-၂-၂၀၂၄ ရက်စွဲပါ  ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်)

သမ္မတမားကို့စ်အနေဖြင့် အယ်နီညိုသက်ရောက်မှု၊ ကမ္ဘာ့ဆန်ဈေးနှုန်းများ  မြင့်တက်လာမှု၊ ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်းဆန်ရိက္ခာဖူလုံမှုအား ထိခိုက်မှုမရှိစေရန်နှင့် ဆန် ဈေးနှုန်းတည်ငြိမ်စေရန်တို့အတွက် ဗီယက်နမ်နိုင်ငံနှင့် ဆန်တင်သွင်းမှု (၅) နှစ် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါကြောင်းနှင့်ယခုကမ္ဘောဒီးယားနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

 

 

 

Source; https://mb.com.ph/2024/3/3/marcos-cambodia-pm-agree-to-boost-rice-trade-tourism-ties-in-bilateral-meeting

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

           

           

 

Category: Phillippines