Thailand

ထိုင်းနိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) ၏ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ရန် စီစဉ်လျက်ရှိ

Last Updated:

၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ Eastern Economic Corridor (EEC) ရှိ ရည်မှန်းထားသော စက်မှုလုပ်ငန်း ၅ ခုမှ တွင် ထိုင်းဘတ်ငွေ ၂.၂ ထရီလီယံ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ GDP ကို ​​မြှင့်တင်ရန် ထိုင်းအာဏာပိုင်များက ရည်မှန်းထားပါသည်။

ယခင်နှစ်က စတင်ခဲ့သောအစီအစဉ်အရ ထိုင်းနှင့် နိုင်ငံခြားသားများကို ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေး၊ ဒစ်ဂျစ်တယ်၊ အီလက်ထရွန်းနစ်၊ မော်တော်ယာဉ်နှင့် bio-circular and green (BCG) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ရန် တိုက်တွန်းခဲ့ကြောင်း EEC ရုံး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Chula Sukmanop က ပြောသည်။

Prayut Chan-o-cha အုပ်ချုပ်ရေးက အမျိုးသားအဆင့် အစီအစဉ်တစ်ခုအဖြစ်ကြေညာထားသော BCG သည် ထုတ်ကုန်များကို တန်ဖိုးမြှင့်တင် နိုင်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချပေးနိုင်ပါသည်။

EEC တွင် ရည်ရွယ်ထားသော စက်မှုလုပ်ငန်းများမှ ထိုင်းနိုင်ငံ၏စီးပွားရေးကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သို့မဟုတ် နှစ်စဉ် ဘတ် ၄၀၀ ဘီလီယံ ၀န်းကျင် တိုးတက်သင့်ကြောင်း၊  EEC သည် Chon Buri၊ Rayong နှင့် Chachoengsao ၏ အစိတ်အပိုင်းများကို လွှမ်းခြုံထားသည့် နိုင်ငံ၏ နည်းပညာမြင့်စက်မှုဗဟိုချက် ဖြစ်လာမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးဝါးရင်းနှီးမြှုပ်နှံသူများ EEC ဇုန်သို့ ဝင်ရောက်မှု အားပေးရန် အတွက် အီတလီတွင် Roadshow တစ်ခုဆောင်ရွက်ရန် တာဝန်ရှိသူများကစီစဉ်နေကြပါကြောင်း၊ အီလက်ထရွန်းနစ်လုပ်ငန်းမှ စီးပွားရေးလုပ်ငန်းများကို ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လှုပ်ရှားမှုတစ်ခုကို ဆွစ်ဇာလန် နိုင်ငံတွင် စတင်သွားမည်ဖြစ်ကြောင်း Mr Chula က ပြောကြားခဲ့ပါသည်။

အစိုးရက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ်များ အဆင်ပြေချောမွေ့စေရန် စက်မှုဇုန်များ ဒီဇိုင်းရေးဆွဲရန် မြေယာလုပ်ငန်းရှင်များနှင့် ဆွေးနွေးနေပါ ကြောင်း၊ အာဏာပိုင်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ လုပ်ငန်းများကို တွန်းအား ပေးကူညီရန်အတွက် အရည်အချင်းရှိသော လုပ်သားရရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများအား အာမခံနိုင်စေရန် လုပ်သားများအား ပိုမိုကောင်းမွန်သော ကျွမ်းကျင်မှုများနှင့် နည်းပညာဆိုင်ရာ အသိပညာများ မျှဝေလိုပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

EEC ဧရိယာအတွင်း ရင်းနှီးမြှုပ်နှံသူများကို လည်ပတ်မှုကုန်ကျစရိတ် သက်သာစေရန် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရကအစီအစဉ်များ ဆက်လက် လုပ်ဆောင်နေပါသည်။ အာဏာပိုင်များသည် ဘန်ကောက်၊ Samut Prakan နှင့် Rayong လေဆိပ် ၃ ခုကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းကို တည်ဆောက်နေသော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခများ၏ အကျိုး သက်ရောက်မှုကြောင့် ဆောက်လုပ်ဆဲ စာချုပ်ပါအခြေအနေအချို့ကို ပြန်လည်သုံးသပ်ရန် Charoen Pokphand Group-led Consortium က အစိုးရကို တောင်းဆိုပြီးနောက် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရပါသည်။

ဘတ်ငွေ ၂၂၄ ဘီလီယံ ကုန်ကျမည့် ရထားလမ်းသည် ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားသည်။ EEC သည် ဆောက်လုပ်ရေးလုပ်ငန်းစု နှင့် ပြဿနာကိုဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲအပြီးတွင် အစိုးရအသစ်ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း Mr Chula မှ ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းကဏ္ဍသည် အစိုးရအား ဆောက်လုပ်ရေး ကန်ထရိုက်များတွင် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ထိန်းညှိပေးစေလိုပြီး မမျှော်လင့်ထားသောဖြစ်ရပ်များ ပေါ်ပေါက်လာပါက ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးစေလိုပါသည်။

(စီးပွား‌ရေးသံမှူး၊ ဗန်ကောက်)

Source: www.bangkok.com

 

Category: Thailand