China(Nanning)

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်သွားမည်

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အစိုးရအရာရှိများ ဦးဆောင်သော စီးပွားရေးနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀)‌ရက်နေ့မှ (၂၂)ရက်နေ့အထိ ကမ္ဘောဒီး ယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများနှင့် ကုန်သွယ်ရေးကိစ္စ ရပ်များကို ထဲထဲဝင်ဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Guangxi Government News ၌ ရေးသား ဖော်ပြထားပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုညီလာခံကာလ အတွင်း၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း (၁၁)ခုကို ဧပြီလ (၂၂)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ စီမံကိန်းများသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၇.၈၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံ) ရှိပြီး စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး နယ်ပယ်များ ပါဝင်ကြောင်း သိရှိရပါသည်။

ကွမ်ရှီးဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်းကြောင်းသာမက ရေကြောင်းပါ ချိတ်ဆက် ထားသည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသောဒေသဖြစ်ပြီး ကမ္ဘောဒီးယားနှင့်အနီးဆုံး ပြည်နယ်များ အနက်မှ တစ်ခုလည်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား စုစုပေါင်းပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် (၁.၉၇)ဘီလီယံရှိပြီး (၈၈.၃)ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း၊ ကွမ်ရှီးဒေသမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ကုန်ပမာဏသည် ယခင်နှစ်တွင် (၈၈.၅) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် (၁.၈၆) ဘီလီယံရှိကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် RCEP အောက်၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို နှစ်ဘက် လက်မှတ်ရေးထိုးခဲ့သဖြင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကမ္ဘောဒီးယား နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း ကွမ်ရှီး တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအလားအလာများ အများအပြား ရှိကြောင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အလားအလာရှိသော အနာဂတ်ကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။  

ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြင့်လာစေရန်အတွက် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ကမ္ဘောဒီးယားတာဝန်ရှိသူများသည် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ ကဲ့သို့သော အဓိကပွဲများ တွင် ပါဝင်ရန် ကမ္ဘောဒီးယား လုပ်ငန်းရှင်များအား တွန်းအား ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ နန်နင်းမြို့

Source: www.en.gxzf.gov.cn/2023-04/23/c_880304.html

Category: China(Nanning)