Korea

၂၀၂၃ ခုနှစ်၊ မေလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ပြန်လည်အားကောင်းလာ

Last Updated:

 

၂၀၂၃ခုနှစ်၊ မေလ (၁) ရက်မှ (၃၁) ရက်နေ့အတွင်း ကိုရီးယားသမ္မတနိုင်ငံသည် ပို့ကုန်တင် ပို့မှုမှ အမေရိကန်‌ဒေါ်လာ ၅၂.၂၄၁ ဘီလီယံရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုအတွက် အမေရိကန်ဒေါ် လာ ၅၄.၃၄၃ ဘီလီယံကုန်ကျခဲ့သည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ် လာ ၁၀၆.၅၈၄ ဘီလီယံဖြစ်ပါသည်။  အဆိုပါပမာဏသည် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ၁၅.၂ ရာခိုင်နှုန်း လျော့ကျ၍ သွင်းကုန်တွင် ၁၄ ရာခိုင်နှုန်း လျော့ကျမှုရှိခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဌာန (Korea Customs Service) မှ စာရင်း ထုတ်ပြန်ခဲ့ပါသည်။  သို့သော် ၂၀၂၃ ခုနှစ်၊ မေလအတွင်းတင်ပို့မှုမှ ရရှိသည့်ဝင်ငွေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတင်ပို့မှုမှ ရရှိသည့်ဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၉.၆ ဘီလီယံထက် ပိုမိုလာခဲ့သည်ဟု Korea Customs Service မှ စာရင်းထုတ်ပြန်ထားပါသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (semiconductors) ကို တရုတ်နိုင်ငံ က ဝယ်လိုအားမြင့်မားလာသည့်အပြင် အခြားသော ပြည်ပနိုင်ငံများကလည်း တောင်ကိုရီးယား နိုင်ငံမှ ကားများနှင့် အားပြန်သွင်း၍ရသော ဘက်ထရီများဝယ်လိုအား မြင့်မားလာသည့်အတွက် ပို့ ကုန်ဝင်ငွေ တိုးမြင့်လာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Mr. Choo Kyung- ho က စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးများနှင့်တွေ့ဆုံသော အစည်းအဝေးတွင် ပြောကြားခဲ့ ပါသည်။

ပို့ကုန်တင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေးအတွက် စီးပွားရေးဆိုင်ရာမူဘောင်တွင် အတူတကွပါဝင်လက် မှတ်ရေးထိုးထားသည့်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်သွားမည်ဖြစ်ပါ ကြောင်း၊ မေလအတွင်းက အာရပ်စော်ဘွားများပြည်ထောင်စုမှ နိုင်ငံပိုင်ကုမ္ပဏီ (၄) ခုက တောင် ကိုရီးယားနိုင်ငံ၏ စွမ်းအင်နှင့် ဇီဝနည်းပညာကဏ္ဍအပါအဝင် ကဏ္ဍအတော်များများ၏ စီးပွားရေး အခွင့်အလမ်းများကို လာရောက်လေ့လာသွားပြီဖြစ်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Choo Kyung-ho က ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့အဓိကကျသောနိုင်ငံများတွင် ငွေကြေးဖောင်းပွ မှုကို လျှော့ချရန် ငွေကြေးမူဝါဒများကို တင်းတင်းကျပ်ကျပ် ချမှတ်ပြဌာန်းနေကြသည့်အတွက် ကမ္ဘာ့စီးပွားရေးကျဆင်းအောင် တွန်းပို့နေသကဲ့သို့ဖြစ်နေပါသည်။ ထို့ကြောင့် တောင်ကိုရီးယား နိုင်ငံအနေဖြင့် ပြည်တွင်းရောပြည်ပတွင်ပါ မသေချာမရေရာမှုများကို ရင်ဆိုင်နေရပါသည်။ တောင်ကိုရီးယား ဗဟိုဘဏ်ကလည်း ပြည်တွင်းငွေကြေးဖောင်းပွနှုန်းကို ထိန်းချုပ်ရန် အတိုးနှုန်း ကို ၃.၅ ရာခိုင်နှုန်းတွင် ဆက်လက်ထိန်းသိမ်းထားသဖြင့် ပြည်တွင်းပုဂ္ဂလိကသုံးစွဲနှုန်းအပေါ် ဖိ အားဖြစ်စေပါသည်။

၂၀၂၂ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်တင်ပို့မှုဆက်လက်အားနည်းနိုင်သည့်အတွက် တောင်ကိုရီးယား နိုင်ငံဗဟိုဘဏ်က နိုင်ငံ၏စီးပွားရေး တိုးတက်နှုန်းကို ယခင်က ၁.၆ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့် မှန်းထားရာမှ ၁.၄ ရာခိုင်နှုန်းသာရှိနိုင်မည်ဟု လျှော့ချခန့်မှန်းထားပါသည်။

 

 

 

Source:  The Korea Times

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea