China(Nanning)

ကမ္ဘောဒီးယားနိုင်ငံမှ သဘာဝအတိုင်းဖမ်းဆီးရရှိသောရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံမှ သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရန် တရားဝင်ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက (၃၁-၅-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်ထုတ်လုပ်သူများ၏ မှတ်ပုံတင်ခြင်းဆိုင် ရာ အချက်အလက်များကို မကြာသေးမီက ထပ်မံထုတ်ပြန်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံမှ သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရန်နောက်ဆုံး လုပ်ငန်းစဉ်များကို ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို လက်ရှိတွင်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ သွင်းကုန်ပို့ကုန်နှင့် နိုင်ငံ တကာသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သည့် Kim Chou Co Ltd အား တရုတ်နိုင်ငံသို့ သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို တင်ပို့ရန်ခွင့်ပြုလိုက်ပြီ ဖြစ် သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံမှ သဘာဝအတိုင်းဖမ်းဆီးရရှိသော ပုစွန်၊ ငါး၊ ငါးရှဉ့်နှင့် မြစ်ခရု အပါအဝင် သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်း (၁၂)မျိုးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုထားကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ကမ္ဘောဒီးယားမှ သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းအတွက် တိရစ္ဆာန်ပိုးမွှားကင်းစင်ရေး သတ်မှတ်ချက်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Im Rachna က ကမ္ဘောဒီးယားမှသဘာဝအတိုင်း ဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများသည် တရုတ်စားသုံးသူများကြားတွင် ရေပန်းစားလာမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခုကဲ့သို့ တင်ပို့ခွင့်ရရှိခြင်းသည် ကမ္ဘောဒီးယားငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အောင်မြင်မှုအသစ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားမှ သဘာဝအတိုင်းဖမ်းဆီးရရှိသော ရေထွက်ပစ္စည်းများကို မကြာမီ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြင့် ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်မှုပမာဏကို မြှင့်တင်ပေးနိုင်ရုံသာမက ရေလုပ်သားများ၏ အသက်မွေးဝမ်းကြောင်းကိုပါ မြှင့်တင်ပေးမည်ဖြစ်ကြောင်း Im Rachna က Xinhua သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ငရုတ်ကောင်းပြီးနောက် သဘာဝအတိုင်းဖမ်းဆီးရရှိသောရေထွက်ပစ္စည်းများသည် ယခုနှစ်အတွင်းတရုတ်နိုင်ငံသို့တရားဝင်တင်ပို့ခွင့်ရရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ဒုတိယမြောက် စိုက်ပျိုးရေးထွက်ကုန်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊နန်နင်း

Category: China(Nanning)