China(Beijing)

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) အရ တရုတ်-ဂျပန်-တောင်ကိုရီးယားနိုင်ငံ တို့၏ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်

Last Updated:

တရုတ်-ဂျပန်-တောင်ကိုရီးယားနိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းတိုးတက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ကုန်သွယ်ရေးဆိုင်ရာချိတ်ဆက်ဆောင်ရွက်မှုများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဖိုရမ်၌ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းတောင်မြို့တွင်ကျင်းပရန် တရုတ်ပြည်သူ့သံတမန်ရေးရာအဖွဲ့အစည်း၊ သုံးနိုင်ငံပူးပေါင်းဆောင်ရွက် ရေးအတွင်းရေးမှူးရုံးနှင့် ချင်းတောင်ဒေသဆိုင်ရာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

“ကိုဗစ်အလွန်ကာလသုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု ပြန်လည်အသက်ဝင်ခြင်း- ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်မှုနှင့် လူမှုအသိုက်အဝန်း” ခေါင်းစဉ်ဖြင့် ဖိုရမ်ကိုကျင်းပမည်ဖြစ်ပြီး အစိုးရအရာရှိကြီးများ၊ ယခင်နိုင်ငံရေးပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် အရှေ့အာရှဒေသတွင်း နိုင်ငံသုံးနိုင်ငံ၏ စီးပွားရေးကျွမ်းကျင်ပညာရှင်များပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နှင့်ဂျပန်နိုင်ငံ၊ ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနိုင်ငံတို့ RCEP တွင် စတင်အသက်ဝင်ခဲ့ပြီး ၎င်းသည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ အပြည့်အဝပါဝင်သည့် ပထမဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ဖြစ်လာခဲ့ပါသည်။ အဆိုပါအနေအထားသည် အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအတွက် အကောက်ခွန်ဆိုင်ရာ ကုန်ကျစရိတ်များ လျော့ချနိုင်မည်ဖြစ်ပြီး ထုတ်လုပ်သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ်ကဲ့သို့သော အဆင်ပြေလွယ်ကူစေမည့်နည်းလမ်းများ တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ စတုတ္ထနှင့် ပဉ္စမကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏အဆိုအရ သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်-တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်ပစ္စည်းကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃၆၂.၃ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၂.၆ ဘီလီယံနှင့် တရုတ်နိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၉၉.၇ ဘီလီယံရှိခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်ပစ္စည်းကုန်သွယ်မှုမှာ သံမဏိပြားနှင့် ဖိုင်ဘာကဲ့သို့သော အပေါ့စားစက်မှုပစ္စည်းများနှင့် ဓာတုဗေဒဆိုင်ရာပစ္စည်းများမှ တပိုင်းလျှပ်ကူးပစ္စည်း ကဲ့သို့သော အရည်အသွေးမြင့် တန်ဖိုးမြှင့် အလယ်အလတ်တန်းစား ထုတ်ကုန်ပစ္စည်းများသို့ ပြောင်းလဲတင်ပို့မှုများရှိခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်က တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ကုန်ပစ္စည်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၅၇.၄ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၇၂.၉ ဘီလီယံနှင့် တရုတ်နိုင်ငံသို့ ဂျပန်နိုင်ငံမှ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈၄.၅ ဘီလီယံ တင်ပို့ခဲ့ကြောင်း  အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ မော်တော်ကား၊ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့ပြီး  အဓိကတင်သွင်းကုန်မှာ ဓာတုဗေဒဆိုင်ရာပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ GDP မှာ RCEP ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိပြီး အဆိုပါသုံးနိုင်ငံ၏ စီးပွားရေးမှာ RCEP ကတိကဝတ်များအကောင်အထည်ဖော်ဆောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်းနှင့် RCEP လုပ်ငန်းစဉ်များကို လက်တွေ့ကျစွာ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဧရိယာတွင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရေးနှင့် ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် လွတ်လပ်သောကုန်သွယ်မှုဧရိယာ တည်ဆောက်ရေး အတူတကွဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။   

Source: RCEP boosts trade cooperation among China, Japan and South Korea - CGTN

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)