Vietnam

ဗီယက်နမ်နိုင်ငံ Nha Trang နှင့် တောင်ကိုရီးယားနိုင်ငံ Daegu လေကြောင်းလမ်းကြောင်းသစ် ပြေးဆွဲသွားမည်

Last Updated:

ဘတ်ဂျက်လေကြောင်းလိုင်း Vietjet သည် အလယ်ပိုင်းပြည်နယ် Khanh Hoa ပြည်နယ်ရှိ Nha Trang ကမ်းခြေမြို့မှ တောင်ကိုရီးယားနိုင်ငံ Daegu မြို့သို့ ဆက်သွယ်ထားသော လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ကြေညာခဲ့သည့် အစိုးရသတင်းတစ်ရပ်အရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်နေသည့် ဝန်ကြီးချုပ် Pham Minh Chinh သည် ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့်  အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ခရီးစဉ်ကို တစ်ပတ်လျှင် အသွားအပြန် ခုနစ်ကြိမ် ပျံသန်းမည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

Vietjet သည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဗီယက်နမ်နှင့် တောင်ကိုရီးယားကြား ပြေးဆွဲသည့် လမ်းကြောင်း ၃၇ ခုကျော်တွင် ခရီးသည် ၁၀ သန်းကို ပို့ဆောင်ပေးခဲ့သည်။

Vietjet သည် လက်ရှိတွင် နှစ်နိုင်ငံကြား လေကြောင်းလိုင်းများ အများဆုံးပြေးဆွဲနေပြီး ဗီယက်နမ်မြို့အများအပြားနှင့် တောင်ကိုရီးယားမြို့ကြီးများကို ချိတ်ဆက်ထားသည်။ လက်ရှိတွင် အဆိုပါလေကြောင်းသည် ဗီယက်နမ်နိုင်ငံရှိ ဟိုချီမင်း၊ ဟနွိုင်း၊ ဟိုင်ဖုန်၊ ဒါနန်း၊ ညချမ်း၊ ဖူးကွပ်ခ်၊ ဒါလတ်နှင့် တောင်ကိုရီးယားရှိ ဆိုးလ်၊ ဘူဆန်နှင့် ဒေဂူမြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်သည် နိုင်ငံတကာခရီးသွားဧည့်သည် ၁၂.၆ သန်းကို ကြိုဆိုခဲ့ကြောင်းနှင့် တောင်ကိုရီးယားမှ ခရီးသွားဧည့်သည် ၃.၆ သန်း လာရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးနိုင်ငံခြားခရီးသွား ဈေးကွက်ရင်းမြစ်ဖြစ်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam