India (Kolkata)

အိန္ဒိယဗဟိုဘဏ်၏ အရန်ရွှေသားကိုင်ဆောင်မှု ပုံမှန်တိုးမြင့်လာ

Last Updated:

အိန္ဒိယဗဟိုဘဏ်က ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ပြည်တွင်း၌ အရန်ရွှေသား ပမာဏ ၅၀ ရာခိုင်နှုန်းခန့်သာ ကိုင်ဆောင်ထားရှိခဲ့ရာက စက်တင်ဘာလကုန်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်ကိုင်ဆောင်ထားရှိခဲ့ကြောင်း The Hindu Businessline သတင်းဌာနက အောက်တိုဘာလ ၃၀ ရက်ကဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ အရန်နိုင်ငံခြားငွေစုစုပေါင်း၌ ရွှေသားပါဝင်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ မတ်လကုန် က ၈ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ၉ ဒသမ ၃၂ ရာခိုင်နှုန်းခန့်အထိ တိုးမြင့်လာခဲ့သည်။ အဆိုပါကာလအတွင်း အိန္ဒိယဗဟိုဘဏ်က ရွှေသား ၃၂ ဒသမ ၆၃ တန် ထပ်မံ ဖြည့်တင်းခဲ့သည့်အတွက် ယင်းသို့ တန်ဖိုးတိုးမြင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယဗဟိုဘဏ်အနေဖြင့် အရန်ရွှေသားများကို ပြည်ပထက် ပြည်တွင်း၌ ပိုမိုထားရှိရန် ဆောင်ရွက်လာပြီး၊ ၂၀၂၄ ခုနှစ်၊ မတ်လကုန်က အိန္ဒိယနိုင်ငံတွင်းရှိ ရွှေတိုက်များ၌ အရန်ရွှေသားထားရှိမှု ၅၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ စက်တင်ဘာလကုန်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားရှိခဲ့ကြောင်း သိရ သည်။ ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လကုန်က ရွှေသား ၈၂၂ ဒသမ ၁၀ တန် ကိုင်ဆောင်ထားခဲ့ရာမှ စက်တင်ဘာလကုန်တွင် ၈၅၄ ဒသမ ၇၃ တန် တိုးမြှင့်ကိုင်ဆောင်ခဲ့ကြောင်း ၎င်း၏ “အရန်နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဆိုင်ရာ နှစ်လည်အစီရင်ခံစာ” အရသိရသည်။

လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၏ စုစုပေါင်း အရန်နိုင်ငံခြားငွေတွင် ရွှေသား ပါဝင်မှုတန်ဖိုးမှာ မြင့်တက်လာပြီး၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ၅ ဒသမ ၈၈ ရာခိုင်နှုန်းခန့် ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ကာလတူတွင် ၇ ဒသမ ၀၆ ရာခိုင်နှုန်းခန့်သို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ကာလတူ တွင် ၇ ဒသမ ၃၇ ရာခိုင်နှုန်းခန့်သို့လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ကာလတူတွင် ၉ ဒသမ ၃၂ ရာခိုင်နှုန်းသို့ လည်းကောင်း နှစ်စဉ်ပုံမှန်တိုးတက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကမ္ဘာ့ရွှေဈေးနှုန်း ၁ အောင်စလျင် ကန်ဒေါ်လာ ၂၂၈၄ ဒသမ ၂ ရှိကြောင်း ကမ္ဘာ့ရွှေကောင်စီ (World Gold Council -WGC) ၏ အချက်အလက်များအရ သိရသည်။ အဆိုပါဈေးနှုန်းသည် ကန်ဒေါ်လာ ၂၆၅၀ ဒသမ ၆ အထိ မြင့်တက်ခဲ့ကာ၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ကုန်၌ ကန်ဒေါ်လာ ၂၆၃၀ သို့ တစ်ဖန်ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အိန္ဒိယဗဟိုဘဏ်မှ ရွှေသား ၃ တန်အား အဌမအကြိမ်မြောက် ထပ်မံဝယ်ယူခဲ့ပြီး၊ စုစုပေါင်း အသားတင် ရွှေသားပမာဏ ၄၅ တန် ဝယ်ယူခဲ့ကာ နှစ်အလိုက် ရွှေသားဝယ်ယူသည့် နိုင်ငံများအနက် ဒုတိယအမြင့်ဆုံး ပမာဏကို ဝယ်ယူသောနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ရွှေ ကောင်စီမှ ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်၌ အိန္ဒိယဗဟိုဘဏ်၏ ပြည်တွင်းရွှေသားကိုင်ဆောင်မှု တန်ချိန် ၅၁၀ ဒသမ ၄၆ ရှိကာ ပြီးခဲ့သည့် မတ်လကုန်၌ တန်ချိန် ၄၀၈ ဒသမ ၃၁ ရှိခဲ့ကြောင်း၊ ရွှေသား တန်ချိန် ၃၂၄ ဒသမ ၀၁ ကို အင်္ဂလန်ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာပေးချေမှုဘဏ် (Bank for International Settlements -BIS) တို့ရှိ ရွှေတိုက်များ၌ ထားရှိကြောင်း၊ ကျန်ရွှေသား တန်ချိန် ၂၀ ဒသမ ၂၆ ကို ရွှေသား တန်ဖိုးသင့်အပ်ငွေ (gold deposits) အသွင်ဖြင့် အပ်နှံထားရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ နှစ်လည် (၆ လပတ်) သုံးသပ်ကာလအတွင်း အရန်နိုင်ငံခြားငွေတန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ မတ်လကုန်၌ ကန်ဒေါ်လာ ၆၄၆ ဒသမ ၄၂ ဘီလီယံရှိကာ စက်တင်ဘာလကုန်တွင် ကန်ဒေါ်လာ ၇၀၅ ဒသမ ၇၈ ဘီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ အရန် နိုင်ငံခြား ငွေစာရင်း၏ ၈၇ ရာခိုင်နှုန်းခန့်သည် ငွေတိုက်စာချုပ်များ၊ အခြားနိုင်ငံဗဟိုဘဏ်များနှင့် BIS တို့၌အပ်နှံထားရှိငွေများ၊ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေးဘဏ်များ၌ အပ်နှံထားရှိငွေများကဲ့သို့ နိုင်ငံခြားငွေ ရပိုင်ခွင့်များ (Foreign currency assets) များ ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ နိုင်ငံခြားငွေစီမံခန့်ခွဲမှု၌ မဟာဗျူဟာသစ်များနှင့် ထုတ်ကုန်သစ်များကို ရှာဖွေဖော်ထုတ်လျက်ရှိကာ တစ်ဖက်တွင် ရင်းနှီးမြှုပ်နှံမှုပုံစံ အမျိုးမျိုးခွဲခြားဆောင်ရွက်ရှိကြောင်း၊ အရန်ငွေ၏ မပြောပလောက်သော ပမာဏကိုသာ ပြည်ပရပိုင်ခွင့်ဆိုင်ရာ မန်နေဂျာများမှ စီမံဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယဗဟိုဘဏ်က ပြောကြားခဲ့သည်။

          အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ ပြည်ပငွေပေးငွေယူရှင်းတမ်းလက်ကျန်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် နိုင်ငံခြားငွေရန်ပုံငွေကို ကောင်းစွာစီမံခန့်ခွဲလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ငွေစာရင်း၏ စုစုပေါင်းတန်ဖိုးအနက် ရွှေသားပါဝင်မှုတန်ဖိုးကို ပုံမှန်တိုးမြှင့်လျက်ရှိပြီး၊ ယခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ပမာဏ ၆၀ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်ကိုင်ဆောင်ကာ တန်ဖိုးအားဖြင့် ၉ ဒသမ ၃၂ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံခြားငွေရန်ပုံငွေ၏ ရွှေသားကိုင်ဆောင်မှု အချိုးအစားကို ပြည်တွင်းသို့ တစ်ဖြည်းဖြည်း ပြောင်းရွေ့ရယူလျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်။

          သို့ပါ၍ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယအဆင့် စီးပွားရေးအင်အားရှိသော နိုင်ငံအဖြစ်သို့ တက်လှမ်းရာတွင် အရန်နိုင်ငံခြားငွေ တောင့်တင်းခိုင်မာမှု အားကောင်းရန်လိုအပ်ပြီး၊ ပြည်တွင်းပြည်ပရှိ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၌ ရွှေသား၊ ရွှေတန်ဖိုးသင့်အပ်ငွေ၊ နိုင်ငံခြားငွေအပ်ငွေနှင့် ငွေတိုက် စာချုပ်များကဲ့သို့ ရပိုင်ခွင့်ပုံစံအမျိုးမျိုးဖြင့် ခွဲခြားထားရှိရန်လိုအပ်ပါသည်။ တစ်ဖက်တွင် အပြည်ပြည် ဆိုင်ရာပေးချေမှု၌ ရူပီးငွေ၏ အရေးပါမှုအခန်းကဏ္ဍကို တိုးမြှင့်လျက်ရှိသည့်အတွက် မျှော်မှန်းချက်ဖြစ်သော ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ မကြာမီတက်လှမ်းနိုင်မည့် အလားအလာရှိကြောင်း သိရှိရပါသည်။

The Hindu Businessline, RBI steadily building up gold reserves, Oct 30, 2024

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တား

Category: India (Kolkata)