India (Kolkata)

အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အလုံးစုံပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းကျော်ကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အလုံးစုံ ပြန်လည်ခွင့်ပြုခဲ့သလို ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဆန်သစ်များ ဈေးကွက်သို့ ဝင်ရောက်ရန်ရှိသည့်အတွက် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော်ကျဆင်းလာကြောင်း ကုန်သည်များက ပြောကြားခဲ့ သည်။

“ဒေါ်လာဈေးမာလာသည့်အတွက် လျှော့ဈေးဖြင့် ဆန်တင်ပို့ရန် ကမ်းလှမ်းမှုများရှိလာပါတယ်။ အိန္ဒိယက ဆန်ပြန်ပြီးတင်ပို့ခွင့်ပြုခဲ့သလို၊ ပါကစ္စတန်နှင့် မြန်မာတို့မှ ဆန်သစ်များလည်း ဈေးကွက်သို့ ဝင်ရောက်လာတာရှိပါတယ်။ ဝယ်သူတွေအတွက်တော့ အဆင်ပြေမယ့် အခြေအနေမှာ ရှိနေပါတယ်။” ဟု နယူးဒေလီအခြေစိုက် ဆန်ကုန်သည် Rajesh Paharia Jain က ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၃၀ ရက်) က ထိုင်းနိုင်ငံမှ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဈေးနှုန်းမှာ ၁ တန်လျင် ကန်ဒေါ်လာ ၅၀၇ ရှိကာ အောက်တိုဘာလ ၁၆ ရက်နေ့က ကန်ဒေါ်လာ ၅၂၉ ရှိသည့်အတွက် ကျဆင်းခဲ့ကြောင်း၊ ဗီယက်နမ်ဆန်မှာမူ ကန်ဒေါ်လာ ၅၃၇ မှ ၅၄၁ အတွင်း မပြောင်းလဲပဲ၊ ထပ်မံကျဆင်းဖွယ်ရှိကြောင်း၊ ပါကစ္စတန်ဆန်မှာမူ ယခင် ကန်ဒေါ်လာ ၄၈၁ မှ ၄၈၅ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၄၆၃ မှ ၄၆၇ သို့ ကျဆင်းခဲ့ကြောင်း၊  အိန္ဒိယ ဆန်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၈၈ မှ ၄၉၂ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၄၄၄ မှ ၄၄၈ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယမှ ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါ ဆန်ဖြူဈေးနှုန်းမှာ ၁ တန်လျင် ယခင် ကန်ဒေါ်လာ ၄၉၁ မှ ၄၉၅ ကမ်းလှမ်းခဲ့ရာမှ ယခု ကန်ဒေါ်လာ ၄၃၄ မှ ၄၃၈ ကမ်းလှမ်းလျက်ရှိကြောင်း၊ ပါကစ္စတန်မှ အဆိုပါ ဆန်ဈေးနှုန်းမှာ ပိုမိုသက်သာပြီး ယခင် ကန်ဒေါ်လာ ၄၄၀ မှ ၄၄၄ ရှိခဲ့ရာမှ ယခု ကန်ဒေါ်လာ ၄၂၄ မှ ၄၂၈ သို့ ကျဆင်းခဲ့ကြောင်း၊ ထိုင်းဆန်မှာ ယခင် ကန်ဒေါ်လာ ၅၀၈ မှ ယခု ကန်ဒေါ်လာ ၄၉၁ သို့လည်းကောင်း၊ ဗီယက်နမ်ဆန်မှာ ယခင် ကန်ဒေါ်လာ ၅၀၉ မှ ၅၁၃ ရှိခဲ့ရာမှ ယခုအခါ ကန်ဒေါ်လာ ၄၉၇ မှ ၅၀၂ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

ပေါင်းဆန်ကိုကြည့်လျင် 100% sortexed ထိုင်းပေါင်းဆန်ဈေးနှုန်းမှာ ယခင် ကန်ဒေါ်လာ ၅၆၁ မှ ကန်ဒေါ်လာ ၅၂၂ သို့လည်းကောင်း၊ ပါကစ္စတန်ပေါင်းဆန်ဈေးနှုန်းမှာ ယခင် ကန်ဒေါ်လာ ၅၀၀ မှ ၅၀၄ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၄၉၃ မှ ၄၉၇ သို့လည်းကောင်း၊ အိန္ဒိယပေါင်းဆန်မှာ ဈေးအချိုဆုံးဖြစ်ပြီး ယခင် ကန်ဒေါ်လာ ၄၉၀ မှ ၄၉၄ ရှိရာမှ ယခု ၄၃၉ မှ ၄၄၃ အသီးသီးရှိကြောင်း သိရသည်။

“ကျနော်တို့ ဗီယက်နမ်ကို ဆန်ဖြူတင်ပို့တာမှာ ကုန်သေတ္တာစရိတ်အပါ ယခင်က ၁ တန်ကို ကန်ဒေါ်လာ ၄၉၅ မှ ယခု ၄၇၅ သို့ ကျဆင်းခဲ့ပါတယ်။” ဟု စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့ရောင်းချသူများအသင်း (Agricultural Commodities Exporters Association) ဥက္ကဋ္ဌ M Madan Prakash က ပြောကြားခဲ့သည်။

တစ်ဖက်တွင် ကုန်သေတ္တာစရိတ်များကျဆင်းလာခြင်းက ဝယ်သူများကို အထောက်အကူဖြစ်စေကြောင်း၊ “ကုန်တင်ပို့မှု မရှိသလောက်နည်းပါးလာတဲ့အတွက် ကုန်သေတ္တာစရိတ်တွေ ကန်ဒေါ်လာ ၁၀၀ အထိ ကျဆင်းလာပါတယ်။ တစ်ခါတစ်လေ ကန်ဒေါ်လာ ၅၀ ခန့်ဖြင့် ရရှိနိုင်ပါတယ်။" ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ကုန်သည်များအနေဖြင့် ဆန်ဈေးနှုန်း မည်မျှ ကျဆင်းမည်ကို ဆက်လက်စောင့်ကြည့် လေ့လာလျက်ရှိသည့်အတွက် ပြီးခဲ့သည့်သီတင်းပတ် အတွင်းက ဆန်အရောင်းအဝယ်အေးခဲ့ကြောင်း သိရသည်။

          အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ပြည်ပသို့ ဆန်ကွဲတင်ပို့မှု ပိတ်ပင်ခဲ့ပြီး၊ ဆန်ဖြူတင်ပို့မှုအပေါ် ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဆန်ဖြူတင်ပို့မှု ပိတ်ပင်ခဲ့ပြီး၊ ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့သည်။ သို့ သော် ယခုနှစ် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြည်ပသို့ ဆန်တင်ပို့ခွင့် အလုံးစုံ ပြန်လည်ခွင့်ပြုပေးခဲ့ပြီး၊ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း MEP အပါအဝင် ပို့ကုန်ခွန်အားလုံးအား ဖယ်ရှားပေးခဲ့သည့်အတွက် ကမ္ဘာ့ဆန်ဈေးကွက်တွင် ယခုကဲ့သို့ ဆန်ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ပါသည်။

          သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ဆန်ပို့ကုန်မူဝါဒ ဖြေလျှော့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပဆန်ဈေးနှုန်းများကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး၊ သင့်လျှော်သော ပို့ကုန်မူဝါဒများချမှတ်၍ ဆောင်ရွက်သင့်ပါကြောင်း သိရှိရပါသည်။

The Hindu Businessline, Global rice prices drop over 10% after India lifts all curbs on exports, Oct 30, 2024

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တား

 

Category: India (Kolkata)