Phillippines

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(NFA)အကြီးအကဲနှင့် ဝန်ထမ်း ၁၃၈ ဦးတို့အား တာဝန်မှခေတ္တရပ်ဆိုင်း

Last Updated:

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)၏ အကြီး အကဲနှင့် NFA Council 2023 ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Roderico Bioco အပါအဝင် အရာရှိနှင့်ဝန်ထမ်း ၁၃၈ ဦးတို့အား NFA ၏ အရန်ဆန်တန်ချိန် အိတ် ပေါင်း ၇၅,၀၀၀ ၊ ပီဆို ၉၃.၇၅ သန်း ပမာဏရှိ ဆန် များကို ကုန်သည်နှစ်ဦးထံ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိပဲ ရောင်းချခဲ့သည့် ဖြစ်စဉ် တွင် ပါဝင်ပက်သက်သည်ဟု ယူဆသဖြင့် တာဝန်မှ ၆ လ ယာယီရပ်ဆိုင်းခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းစစ် ဆေးသူအရာရှိမှ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အမိန့်စာထုတ်ပြန်ခဲ့ပါသည်။  

တာဝန်မှ ယာယီရပ်ဆိုင်းရာတွင် ပါဝင်ပက်သက်ခဲ့သည့် NFA ၏ လက်ထောက်အကြီးအကဲ John Robert Hermano၊ တိုင်းမန်နေဂျာ ၁၂ ဦး၊ ရုံးခွဲမန်နေဂျာ ၂၆ ဦး၊ ဆန်သိုလှောင်ရုံးကြီးကြပ် ၉၉ ဦး တို့ပါဝင်ပါကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ NFA အကြီးအကဲ အပါအဝင် အရာရှိနှင့်ဝန်ထမ်း ၁၃၈ ဦးတို့အား ဆန်အရန်ရိက္ခာထဲမှ လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှုမရှိ ပဲတရားမဝင်ရောင်းချခဲ့ခြင်းအပါအဝင်မည်ကဲ့သို့သော လာဘ်ပေး/ယူမှုမျိုးကိုမှ လက်ခံနိုင်မည်မဟုတ် ကြောင်းနှင့် ထိရောက်သည့်အရေးယူမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန်ကြီးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်သွားမည်ဖြစ်ပြီး ဖြစ်စဉ်တွင် ပါဝင်ပက်သက်သူများကို ဖော်ထုတ်သွားမည်ဖြစ်ပြီး အရေးယူ၊ အပြစ်ပေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးအနေဖြင့် ယခုဖြစ်စဉ်ဖြစ်ပွားသည့်အချိန်မှစ၍ စုံစမ်းစစ်ဆေးမည့် ရုံးအဖွဲ့ နှင့် ဆက်သွယ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင်း အထူးခုံအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဌာနတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်ထပ်မံဖြစ်ပွားခြင်းမရှိစေရန်ကိုလည်း ကာကွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

သမ္မတမားကို့စ်မှ NFA ၏ အကြီးအကဲနေရာအား အသစ်မခန့်အပ်သေးမီကာလအတွင်း ဖိလစ် ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ခေတ္တတာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ဝန်ကြီးမှ ခေတ္တယာယီတာဝန်လွှဲပြောင်းရယူသွားမည် ဖြစ်ပါကြောင်း၊ NFA မှ အခြားသော ဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများအား မူလအတိုင်း ပုံမှန် ဆက်လက်ဆောင်ရွက်သွားရန်ပေးအပ်ရမည့် ဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်သွားရန်ကိုလည်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (National Food Authority-NFA) သည် အစိုးရအဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ဆန်စပါးအပါအဝင် ကောက်ပဲသီးနှံများ ၏ ဈေးနှုန်းတည်ငြိမ်စေရေး လိုအပ်သည့် မူဝါဒ၊ နည်းဥပဒေများချမှတ်ပေးနေပါကြောင်း၊ တောင်သူလယ်သမားများထံမှ စပါးများအား အစိုးရအစီအစဉ်ဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ထို့ပြင် ဆန်သိုလှောင်ထားရှိမှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေမှု တို့ကိုလည်း ကြီးကြပ်နေသည့် အစိုးရအဖွဲ့အစည်းဖြစ်ပါသည်။

၁၄-၂-၂၀၁၉ ရက်နေ့တွင် ဆန်တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်း/ဝယ်ဖောက်ကြားခြင်းဆိုင်ရာ များကိုပုဂ္ဂလိကမှတိုက်ရိုက်ဆောင်ရွက်ခွင့်ပြုခဲ့သည့်ဖြေလျှော့ပေးမှုများဆောင်ရွက်ပေးပြီး နောက်ပိုင်း NFA သည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးတို့အား ဆောင်ရွက်ခြင်း၊ အရန်ဆန်လက်ကျန်များအား ဖြန့်ဖြူးပေးခြင်းအပါအဝင် မူဝါဒများချမှတ်ပေးခြင်း၊ ပုဂ္ဂလိကကုန်သည်များ၏ တင်သွင်းမှု၊ တင်ပို့မှု ဆိုင်ရာလိုင်စင်များချထားပေးခြင်းစသည့်ကြီးကြပ်ထိန်းကျောင်းသူကဏ္ဍမှသာ ပါဝင်ပက်သက်ဆောင်ရွက်လျက်ရှိပါကြောင်း NFA ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရပါသည်။

ထို့ပြင် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇူလိုင်လက ကြက်သွန်နီ ဈေးကစားမှုတွင် ပါဝင်ပက်သက်သူများအား  ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုဖြစ်စဉ်သည် စိုက်ပျိုးရေးကဏ္ဍအတွင်း ဒုတိယအကြိမ် ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

Source; https://www.philstar.com/headlines/2024/03/05/2338129/nfa-head-138-others-suspended

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သုံးသပ်တင်ပြချက်

           

Category: Phillippines