China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေး၌ ထင်ရှားသည့် အမှတ်အသားတစ်ခု ပြုလုပ်နိုင်ခဲ့

Last Updated:

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေး ပြည်ပသို့ဖြန့်ဝေနိုင်မှု၌ ၎င်း၏ ပါဝင်မှုမှာ ၂၀၀၅ ခုနှစ်တွင် ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၅.၄ ရာခိုင်နှုန်းသို့ တိုးချဲ့နိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရှိရပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတိုးတက်မှုများက ကမ္ဘာ့ဝန်ဆောင်မှု ကုန်သွယ်ရေးတိုးတက်မှုနှုန်းကို အဓိကမောင်းနှင်သည့်အရာများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာတစ်ဝှမ်း၌ အင်တာနက်သုံးစွဲမှုကျယ်ပြန့်လာခြင်း၊ အထူးသဖြင့် အသက်မွေးဝမ်းကျောင်း နယ်ပယ်၊ စီးပွားရေး၊ ရုပ်သံတင်ဆက်မှုပိုင်းဆိုင်ရာ၊ ပညာရေး၊ ဖြန့်ဖြူရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို အဝေးနေရာမှ စီမံကွပ်ကဲမှုများနှင့်စပ်လျဉ်းသည့် အခွင့်အလမ်းများသိသာစွာ မြင့်မားလာခဲ့ခြင်းကို ဖော်ပြထားကြောင်း သိရှိရပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ထင်ရှားသည့် အခြားအာရှနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည်လည်း အဆိုပါ ဝန်ဆောင်မှုကုန်သွယ်ရေး ပြည်ပသို့ဖြန့်ဝေနိုင်မှု၌ ၂၀၀၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ  ၂၀၂၂ ခုနှစ်တွင် နှစ်ဆကျော်တိုးတက်ခဲ့ပြီး ကမ္ဘာ့စုစုပေါင်း၏ ၄.၄ ရာခိုင်နှုန်းရှိခဲ့သည်ဟု သိရှိရပါသည်။

ကုန်စည်ကုန်သွယ်ရေးနှင့်နှိုင်းယှဉ်ပါက ဝန်ဆောင်မှုကုန်သွယ်ရေးသည် သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ ခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ကြော်ငြာကဏ္ဍ၊ ကွန်ပျူတာနှင့် စာရင်းကိုင်ကဲ့သို့သော ထိတွေ့ကိုင်တွယ်ပြသနိုင်ခြင်းမရှိသော(intangible) သဘောတရားရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းနှင့် ရောင်းချခြင်းပြုလုပ်ပေးသည့် ဝန်ဆောင်မှုမျိုးဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်များနှင့် ပထဝီစီးပွားရေး ကွဲပြားမှုအနေအထားများအရ ဝယ်လိုအားကျဆင်း လျက်ရှိသော်လည်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးမှာ စီးပွားရေးပြန်လည်ဖွင့်လှစ်မှုဆောင်ရွက်ပြီးနောက် ဝန်ဆောင်မှုကဏ္ဍတည်ငြိမ်စွာ ပြန်လည်ကောင်းမွန်ခြင်းနှင့် ဒစ်ဂျစ်တယ်ကဏ္ဍပိုင်းဆိုင်ရာ တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး တန်ဖိုးတိုးတက်မှုမှာ အခြေခံနှစ်အတွင်း ၉.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂.၀၈ ထရီလီယံယွမ်(အမေရိကန်ဒေါ်လာ ၂၈၇.၅၆ ဘီလီယံ) ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။        

ကျွမ်းကျင်သူများ၏ အဆိုအရ လူသားစွမ်းရည်တိုးတက်ရေးဆိုင်ရာအထူးပြုဝန်ဆောင်မှုများ၊ အသိပညာပိုင်းဆိုင်ရာအထူးပြုဝန်ဆောင်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပညာရေး၊ ခရီးသွားကဏ္ဍ၊ လေကြောင်းနှင့်ရေကြောင်းထိန်းသိမ်းရေး၊ ရုပ်မြင်သံကြားနှင့်ရုပ်ရှင်ထုတ်လုပ်မှု လုပ်ငန်းများ စသည်တို့သည် တရုတ်နိုင်ငံအတွင်း မကြာသေးမီနှစ်များက ရေပန်းစားလာသည့် ကဏ္ဍ များ ဖြစ်ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းအခြေစိုက် တရုတ်နိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးအသင်းအဖွဲ့၏ ပညာရှင် Mr. Zhang Wei မှ လာမည့် အနာဂတ်ကာလ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၌ အဆင့်မြင့်ကျွမ်းကျင်ပညာ ရှင်လိုအပ်ချက်အရ လူသားစွမ်းရည်တိုးတက်ရေးအထူးပြုဝန်ဆောင်မှုများ ပြည်ပသို့တိုးမြှင့်ဖြန့်ဝေမှု သည် အဓိကကျသည့်မောင်းနှင်အားဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။ အဆိုပါဝန်ဆောင်မှုနယ်ပယ်များမှာ နည်းပညာဆိုင်ရာအကြံပေးခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ နယ်ပယ်များဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အသိပညာပိုင်းဆိုင်ရာအထူးပြုဝန်ဆောင်မှုများသည် ဇန်နဝါရီလမှ ဧပြီလအတွင်း ယခင်နှစ်ကာလတူထက် ၁၃.၁ ရာခိုင်နှုန်း၊ ၉၀၅.၇၉ ဘီလီယံယွမ် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ စုစုပေါင်းဝန်ဆောင်မှုကုန်သွယ်ရေး၏ ၄၃.၅ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်ကာလတူထက် ၁.၅ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရ ပါသည်။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အခြားအကြောင်းအရာတစ်ခုမှာ နိုင်ငံတွင်း၌ အလယ်အလတ်ဝင်ငွေရှိပြည်သူများမှ အရည်အသွေးမြင့်နိုင်ငံခြားဝန်ဆောင်မှုများ ရရှိလိုမှု တိုးတက်လာခြင်းဖြစ်ကြောင်း Mr. Zhang မှထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ဝန်ဆောင်မှုများမှာ ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားဝန်ဆောင်မှုကုန်သွယ်ရေးဆောင်ရွက်သူများမှလည်း ၎င်းတို့အနေဖြင့် ယခုနှစ်နှင့် နောင်လာမည့်နှစ်များ၌ တရုတ်နိုင်ငံဈေးကွက်တွင်းဝင်ရောက်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

RCEP ၏ အကောက်ခွန်သက်သာခွင့်များနှင့် အခြားလွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ ဆက်ဆံ ရေးများသည် စားသုံးသူများ၏ ဝယ်နိုင်စွမ်းအားနှင့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများက ၎င်းတို့၏ ထုတ်ကုန်များကို အခြားအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ဖြန့်ဝေမှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် FedEx Express ၏ ဒုတိယအကြီးတန်းဥက္ကဌနှင့် FedEx China ၏ ဥက္ကဌဖြစ်သည့် Mr. Eddy Chan ၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါလမ်းကြောင်းသည် နယ်စပ်ဖြတ်ကျော်ဝန်ဆာင်မှုကုန်သွယ်ရေး ဆောင်ရွက်သူများအတွက် တိုးတက်မှုများ ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် အလုပ်သမား ၄၈,၀၀၀ကျော်ရှိသည့် ဂျာမနီနိုင်ငံ၏ စမ်းသပ်ခြင်း၊ အကဲဖြတ် စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့တစ်ခုဖြစ်သော Dekra Group သည် ၎င်း၏ စမ်းသပ်ခန်းကို အန်းဟွေးပြည်နယ်၊ ဟဲဖေးမြို့တွင် ယခုနှစ်၌ အသစ်ချဲ့ထွင်ခဲ့ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ၏ သတင်းအချက်အလက်များ လျင်မြန်စွာဖွံဖြိုးတိုးတက်ရေး၊ အိမ်သုံး  ပစ္စည်းများနှင့် လျှပ်စစ်ကားလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှုများနှင့် စက်မှုလုပ်ငန်းများလျင်မြန်စွာ အဆင့်မြှင့်တင်ဆောင်ရွက်မှုများသည် အခွင့်အလမ်းများစွာကိုပေးစွမ်းလျက်ရှိကြောင်း Dekra ၏ ဒုတိယအမှုဆောင် ဥက္ကဌနှင့် အာရှ-ဖစိဖိတ်ဒေသ၏ အကြီးအကဲ Mr. Mike Walsh မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: China making its mark in global services trade (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)