Korea

တောင်ကိုရီးယားနိုင်ငံတွင်း စားသုံးသူဈေးနှုန်းများ ၂.၇ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအတွင်း စားသုံးသူဈေးနှုန်း တိုးတက်မှုနှုန်း နှေးကွေးလာသည်မှာ (၅) လ ဆက်တိုက်မြောက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ ၃ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်မှာလည်း ၂၁ လတာကာလအတွင်း ပထမဆုံးလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ စာရင်းအင်းဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

စားသုံးသူဈေးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာရာတွင် အဓိကကျပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စားသုံးသူဈေးနှုန်း တိုးတက်မှုနှုန်းသည် ၂.၇ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလကနှုန်းထားဖြစ်သည့် ၃.၃ ရာခိုင် နှုန်းထက် လျော့နည်းခဲ့ပါသည်။ အထူးသဖြင့် ဝန်ဆောင်မှုများဈေးနှုန်း အလွန်အမင်း မြင့်မားလာခဲ့ကြောင်း၊ နိုင်ငံပိုင် Korea Electric Power Corp သည် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ အတက်အကျများနေသည့်အတွက် ဓါတ်အားခနှုန်းထားများကို မြှင့်တင်ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတို့မှ ထွက်ကုန်များ ဈေးနှုန်းသည်လည်း ၀.၂ ရာခိုင်နှုန်း မြင့်မားလာခဲ့ကြောင်း၊ အထူးသဖြင့် ပန်းသီးနှင့် ကြက်သားဈေးနှုန်းများသည် ၁၁.၁ ရာခိုင်နှုန်းနှင့် ၁၃.၇ ရာခိုင်နှုန်းစီ အသီးသီး မြင့်မားလာခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်အထိကာလအတွင်း တင်သွင်းလာသည့် ကြက်သားများအား တန်ချိန် ၃၀,၀၀၀ အထိ ပမာဏအပေါ် အကောက်ခွန် (Tariff) ကောက်ခံမှုကို ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားခဲ့ပါသည်။

 

 

Source: https://www.koreaherald.com/view.php?ud=20230704000101

(စီးပွားရေးသံမှူး၊ဆိုးလ်မြို့)

Category: Korea