Thailand

ထိုင်းနိုင်ငံ အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် (Free Trade Agreement-FTA) တည်ထောင်ရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် တည်ထောင်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ထိုင်းနိုင်ငံအစိုးရက စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်ကဏ္ဍ၏ အကြီးတန်းအရာရှိ တွဲဖက်အတွင်းရေးမှူးဖြစ်သူ Mr. Abdur Rahim Khan၊ ဘင်္ဂလားဒေ့ရှ်-ထိုင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းမှ ကိုယ်စားလှယ်များနှင့် ဗန်ကောက်တွင် တွေ့ဆုံပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ်၌ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်နိုင်ရန် အလားအလာကောင်းများ မြင်တွေ့ရပါကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Ekachat Seetavorarat က  ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ FTA ထူထောင်နိုင်ရေး အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် နည်းလမ်းများရှာဖွေနေပါကြောင်း၊ စီးပွားရေးဆိုင်ရာ သံတမန်လမ်းကြောင်းမှတစ်ဆင့် နိုင်ငံ၏ ဝင်ငွေကို မြှင့်တင်လိုကြောင်း၊ ထိုင်းနိုင်ငံကို အဆင့်မြင့်နည်းပညာ၊ တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ကဏ္ဍများစွာတွင် ဒေသတွင်း အချက်အခြာ ဖြစ်စေလိုပါကြောင်း၊ ထိုင်းနိုင်ငံ-ဘင်္ဂလားဒေ့ရှ် FTA သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အရေးပါသော နည်းလမ်းဖြစ်ပြီး နှစ်နိုင်ငံ FTA နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံက ကနဦးလေ့လာမှုများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊  ၆ ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေး ကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ် မတ်လ ၃-၄ ရက်နေ့များတွင် ဒါကာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဘက်စုံထောင့်စုံမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ချဲ့ထွင်ရန် ထိုင်းနိုင်ငံအနေဖြင့် လျာထားပါကြောင်း၊ ယခုနှစ်တွင် ကနဦးအဖြစ် ဘင်္ဂလားဒေ့ရှ်-ထိုင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းမှ ကိုယ်စားလှယ်များအား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများတွင် ပါဝင်စေခြင်းနှင့် မြေပြင်လေ့လာရေးခရီးများ စီစဉ်ပေးခဲ့ပါကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် “Top Thai Brands 2024” စီမံချက်များကို လာမည့်နှစ် ဇူလိုင်လတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံ ရှိခဲ့ပြီး ယခုနှစ် ပထမ ၁၀ အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၈၈၀ သန်းဖြစ်သဖြင့် ၁၉.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ တင်ပို့မှု အမေရိကန်ဒေါ်လာ ၇၉၉ သန်းဖြင့် ၂၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်သွင်းမှု အမေရိကန်ဒေါ်လာ ၈၁ သန်းဖြင့် ၁၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Mr. Ekachat က ပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand