Thailand

၂၀၂၃ ခုနှစ်အတွက် ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၈.၆-၈.၇ သန်းထိရောက်ရှိနိုင်ပြီး ယခင်နှစ် တင်ပို့ခဲ့မှုထက် သိသိသာသာကျော်လွန်နိုင်

Last Updated:

၂၀၂၃ ခုနှစ်အတွင်း ထိုင်းဆန်တင်ပို့နိုင်မှုသည် တန်ချိန် ၈.၆ - ၈.၇ သန်း ထိ ရောက်ရှိနိုင်ပြီး ယခင်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၇.၆၉ သန်းထက် သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်တန်ဖိုး သည် ဘတ် ၁၄၀-၁၅၀ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလအတွင်းတွင် တန်ချိန် ၉၀၀,၀၀၀ တင်ပို့ခဲ့ပြီး အဓိကတင်သွင်းသည့် နိုင်ငံများက နိုင်ငံတွင်းထုတ်လုပ်မှုကို လျှော့ချ၍ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်စပိုင်းတို့အတွက် သိုလှောင်လိုမှုတို့ကြောင့် အဝယ်များ ဆက်တိုက်လိုက်နေပြီး ဒီဇင်ဘာလအတွင်းတွင် တန်ချိန် ၈၀၀,၀၀၀-၉၀၀,၀၀၀ တင်ပို့ရန် လျာထားပါကြောင်း၊ အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်နှင့် ကမ္ဘာ့ဆန်ဈေး အမြင့်တွင်ရှိနေခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်သည် တင်းကျပ်နေသေးပါကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဖြစ်သူ Mr. Chookiat Ophaswongse က ပြောကြားခဲ့သည်။

ထိုင်းဆန်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်စသည့် အာရှနိုင်ငံများသို့လည်းကောင်း၊ ပုံမှန်ဝယ်ယူသူများဖြစ်သည့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်နိုင်ငံများသို့လည်းကောင်း၊ ပုံမှန်ဝယ်ယူနေသူမဟုတ်သည့် ဘရာဇီးနိုင်ငံများသို့ နှစ်ကုန်ပိုင်းထိ တင်ပို့ရမည်ဖြစ် ကြောင်း၊ ဈေးကွက်ထဲတွင် ထိုင်းဆန်အသစ်ထုတ်လုပ်မှုမြင့်တက်ခဲ့ပြီး ဈေးနှုန်းမှာလည်း ယှဉ်ပြိုင်နိုင်ကြောင်း၊ ဆန်တင်သွင်းသူများက ထိုင်းဆန်ကို တစ်လှည့် ပြန်ဝယ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ ထိုင်းဆန်ဖြူ ၅ ရာခိုင်နှုန်း ပေါက်ဈေးသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀၊ ဗီယက်နမ်နှင့် ပါကစ္စတန် ဆန်ဖြူ ၅ ရာခိုင်နှုန်းပေါက်ဈေးသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၃-၆၆၇ နှင့် ၅၉၈-၆၀၂ အသီးသီးရှိပါကြောင်း၊ ထိုင်း Parboiled ဆန် ၁ တန် လျှင် အမေရိကန်ဒေါ်လာ ၆၄၀၊ အိန္ဒိယနှင့် ပါကစ္စတန် Parboiled ဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၈-၅၀၂ နှင့် ၅၄၆-၅၅၀ အသီးသီးရှိပါကြောင်း သိရှိရပါသည်။

လာမည့်နှစ်တွင် ဆန်တင်ပို့မှုကို တန်ချိန် ၇.၅ သန်းသာ မျှော်မှန်းထားပါကြောင်း၊ နှစ်ဝက်နောက်ပိုင်းတွင် အိန္ဒိယက ဆန်ပြန်လည်တင်ပို့နိုင်ကြောင်း၊ ယင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်း နိုင်ကြောင်း၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှုတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်လည်း သက်ရောက်မှုရှိနိုင်ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်များသည် အိန္ဒိယနှင့်ဆက်နွယ်နိုင်ပြီး လာမည့်နှစ်တွင် အနီးကပ်စောင့်ကြည့်ရမည့် ပြဿနာဖြစ်ကြောင်း Mr. Chookiat က ဆက်လက်ပြောကြားပါသည်။

နိုင်ငံတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဝါရင့်ပို့ကုန်သမားများက ထိုင်းအစိုးရအနေဖြင့် ပိုးမွှားခံနိုင်ရည်ရှိသော၊ ၁ ဧက လျှင် ၁ တန်အထက်ထွက်ရှိနိုင်သော၊ ရက် ၉၀ ထက်နည်းသည့် ဆန်အမျိုးအစားသစ်များဖော်ထုတ်ရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအပေါ် ပိုမိုအာရုံစိုက်စေလိုသည်ဟု အကြံပြုကြပါကြောင်း၊ ၁ ဧက အထွက်နှုန်းသည် ပြိုင်ဘက်နိုင်ငံများဖြစ်သော တရုတ်နှင့် ဗီယက်နမ်တို့နှင့်နှိုင်းယှဉ်ပါက နည်းနေသေးပါကြောင်း၊ ပထမ ၁၀ လအတွင်း ဆန်တန်ချိန် ၆.၉၂ သန်း တင်ပို့ခဲ့ပြီးဖြစ်သဖြင့် ပို့ကုန်ရငွေ ဘတ် ၁၃၆ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand