China (HongKong)

ဟောင်ကောင်ဒေသနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မပျက်ပြားစေရေး အမေရိကန်ကို တိုက်တွန်းပြောကြား

Last Updated:

ဟောင်ကောင်ဒေသနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေရန် သင့်တော်သည့် ဆုံးဖြတ်ချက်တစ်ခုချမှတ်စေရန် ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်သူ Algernon Yau က  အမေရိကန်အား တောင်းဆိုခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် RTHK သတင်းဌာနမှ “US urged not to undermine trade cooperation with HK” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

RTHK ရေဒီယိုအစီအစဉ်၌ ပြောကြားစဉ် အမေရိကန်အောက်လွှတ်တော် စီးပွားရေးရာကော်မတီမှ Hong Kong Economic & Trade Office Certification Act ထုတ်ပြန်ခဲ့မှု အပေါ် Yau ကယခုကဲ့သို့ ဝေဖန်ပြောကြားခဲ့‌ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်တွင် ဖွင့်လှစ်ထားရှိသည့် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး (ETO) သည် နှစ်ဖက်အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန်နှင့် နှစ်ဖက်ယဉ်ကျေးမှုဖလှယ်ရန် ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်ဟု ‌ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အကယ်၍ အမေရိကန်ဘက်မှ ETOs များကို တိုက်ခိုက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးမရှိသော မလိုလားအပ်သည့် ရလဒ်များထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဖက်ကုန်သွယ်မှုတွင် အမေရိကန်မှ အသာစီးရရှိနေပြီး၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၈၄.၉  ဘီလီယံရှိပြီး၊ အဆိုပါ ပမာဏသည် ဟောင်ကောင်ဒေသ၏ ကုန်သွယ်ဖက်များအနက် အများဆုံးဖြစ်ကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသ၌ လာရောက်လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီ ၁,၂၀၀ ကျော်ရှိကြောင်း၊  ဟောင်ကောင် ETO များနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် အမေရိကန်နှင့် အမေရိကန်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဟောင်ကောင် ETOs များနှင့် ပတ်သက်သည့် Hong Kong Economic & Trade Office Certification Act ထုတ်ပြန်ခဲ့ခြင်းအပေါ် ဟောင်ကောင်ဒေသအစိုးရ ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ပြီး၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုရှိ ဟောင်ကောင် ETOs များအနေဖြင့် နှစ်ဖက်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးလုပ်ဆောင်နိုင်ရန် ဆက်လက်ထားရှိသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)