China (HongKong)

ဟောင်ကောင်ဒေသနှင့် ထိုင်းနိုင်ငံတို့အကြား QR payment စနစ် စတင်

Last Updated:

နှစ်ဖက် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများကို QR payment စနစ်ဖြင့် ပေးချေနိုင်ရန် ဟောင်ကောင်ဒေသ၏ ငွေပေးချေမှုစနစ် FPS နှင့် ထိုင်းနိုင်ငံ BOT ၏ ငွေပေးချေမှုစနစ်ဖြစ်သည့် PromptPay တို့အကြား ချိတ်ဆက်လိုက်ပြီဖြစ်သည်ဟု ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့အစည်းနှင့် the Bank of Thailand (BOT) တို့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထိုသို့ငွေပေးချေစနစ်နှစ်ခု ချိတ်ဆက်ခြင်းဖြင့် ထိုင်းနှင့် ဟောင်ကောင်ဒေသတို့အကြား ခရီးသွားများအတွက် လက်လီငွေ‌ပေးချေမှုများ ပြုလုပ်ရာတွင် မြန်ဆန်ခြင်း၊ လုံခြုံစိတ်ချရခြင်းနှင့် အလွယ်တကူအသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဆောင်ရွက်ချက်များအတွက် အထောက်အကူပြုမည်ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့တွင် ဟောင်ကောင်ဒေသအစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့အကြား အပြန်အလှန်သွားရောက်ကြသည့် ခရီးသွားများအနေဖြင့် ဟောင်ကောင်ဒေသနှင့် ထိုင်းနိုင်ငံတို့မှ mobile payment applications များ ဖြစ်သည့် FPS QR code နှင့် PromptPay QR Code များကို scan ဖတ်၍ ယခုအစီအစဉ်တွင်ပါဝင်သည့် အဖွဲ့အစည်းများမှတစ်ဆင့် ငွေပေးချေမှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် ဟောင်ကောင်ဒေသဘက် ဘဏ် ၇ ခုနှင့် ဘဏ် မဟုတ်သည့် အဖွဲ့အစည်း ၂ ခု၊ ထိုင်းနိုင်ငံဘက်မှ ကူးသန်း ရောင်းဝယ်ရေးဘဏ် ၃ ခု ပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ FPS စနစ်၏ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွင် အသုံးပြုနိုင်သော ယနေ့စတင်သည့် ဝန်ဆောင်မှုသည် FPS အတွက်အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်းဟောင်ကောင်ဒေသ ငွေကြေးအာဏာပိုင်အဖွဲ့အစည်း၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Eddie Yue က ပြောကြားခဲ့ပြီး၊ ဟောင်ကောင်ဒေသနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း‌မှုအတွက် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ပြီး၊ ထိုင်းနှင့် ဟောင်ကောင်တို့အကြား အပြန်အလှန်သွားရောက်နေသည့် ခရီးသွား ၁.၅ သန်းနှင့်အတူ ကုန်သည်များအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံ BOT ၏ ဥက္ကဋ္ဌ Sethaput Suthiwartnarueput က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အပြန်အလှန် mobile payment applications များဖြင့် ငွေပေးချေနိုင်ခြင်းကြောင့် ခရီးသွားများ၊ ကုန်သည်များအနေဖြင့် ငွေလဲလှယ်ရန်မလိုအပ်ပဲ အသုံးပြုရလွယ်ကူအဆင်ပြေမှုနှင့်အတူ အနာဂတ်တွင် နှစ်ဖက်ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နိုင်ရန် တွန်းအားဖြစ်စေမည်ဟု နှစ်ဖက်စလုံးမှယုံကြည်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)