Thailand

တရုတ်နိုင်ငံထုတ် ဆင်ရုပ်အဆင်ဒီဇိုင်းဘောင်းဘီများ ထိုင်းနိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်သွားရန်ရှိ

Last Updated:

ဆင်ရုပ်အဆင်ဒီဇိုင်းမူပိုင်ခွင့်ကို တရားဝင်မှတ်ပုံတင်သွင်းပြီးဖြစ်သောကြောင့် တရုတ်နိုင်ငံမှတင်သွင်းလာသော ဆင်ရုပ်အဆင်ဒီဇိုင်းဘောင်းဘီများ တင်သွင်းခွင့်ကို အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ပင်သွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wec-hayachai က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ဆက်လက်တင်သွင်းနေဆဲ ရှိ-မရှိ မူပိုင်ခွင့်ဦးစီးဌာနက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါကြောင်း၊ အဆိုပါ လူကြိုက်များသော အဝတ်ပုံစံကို Follower ၁.၄ သန်းရှိသော “Lui Chine” သို့မဟုတ် “shoot2china” ဖေ့စ်ဘုတ်စာမျက်နှာတွင်  ရောင်းချလျက်ရှိပြီး ထိုင်းနိုင်ငံမှာ ရောင်းချသည့် ဈေးနှုန်းထက် ၁၀ ဆနည်းသည့် ပမာဏဖြင့် ရောင်းချနေပါကြောင်း၊ လက်ကားနှုန်းမှာ ၁ ထည်လျှင် ဘတ် ၃၀ ဝန်းကျင်ခန့်ဖြစ်ကြောင်း၊ ထိုင်းကုန်သည်များက တရုတ်နိုင်ငံမှ တင်သွင်းရာတွင် ဘောင်းဘီတိုအတွက် ၆၅ ဘတ်နှင့် အရှည်အတွက် ၇၅ ဘတ်မှ စတင်ပါကြောင်း၊ အရည်အသွေးမှာ ကွာခြားပါကြောင်း၊ အရည်အသွေးမီ ထုတ်လုပ်ခြင်းအတွက် Thai Select သက်သေခံလက်မှတ်ကိုလည်း အသုံးပြုရန် အကြံပြုလိုကြောင်း၊ လက်လီ/ လက်ကား ရောင်းချသူများက အစိုးရအနေဖြင့် တရုတ်နိုင်ငံ၌ ထုတ်လုပ်နေသူများကို အရေးယူမှုဆောင်ရွက်စေလိုကြကြောင်း သိရှိရပါသည်။

ဘုံဘေးဈေးမှ ရောင်းချသူတစ်ဦးက တရုတ်ဘောင်းဘီများသည် ဈေးသက်သာသဖြင့် ဧည့်သည်များအကြား ရေပန်းစားပါကြောင်း၊ ထိုင်းထုတ်လုပ်သူများကို ကူညီရန်မှာ အစိုးရအနေဖြင့် တင်သွင်းခွန်သတ်မှတ်ရန် လိုအပ်ကြောင်း၊ ပရာတူနမ်မှ ရောင်းချသူတစ်ဦးက ထိန်းချုပ်သည့် အစီအမံများ ဆောင်ရွက်စေလိုကြောင်း၊ ထိုင်းနိုင်ငံထုတ်ဘောင်းဘီများသည် အရည်အသွေးကောင်းမွန်သဖြင့် ပိုမိုလူကြိုက်များစေလိုကြောင်း ရောင်းချသူများက အကြံပြုပြောကြားခဲ့ကြပါသည်။

တရုတ်နိုင်ငံထုတ် ဆင်ရုပ်အဆင်ဒီဇိုင်းဘောင်းဘီ ပြဿနာသည် မူပိုင်ခွင့်နှင့် ဈေးကွက်ရှာဖွေရေးလျာထားချက်များအတွက် ဖြေရှင်းရန် ထိုင်းနိုင်ငံအစိုးရအား သတိပေးချက်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအတွက် လျာထားမှုနှင့် တိုးမြှင့်မှုတွင် စိုးရိမ်စရာများကို ရှာဖွေနေမည့်အစား မူပိုင်ခွင့် အကာအကွယ်ပေးရေးကဲ့သို့သော အခြေခံကျသည့် ပြဿနာများကို ဦးစားပေးသင့်ကြောင်း ဝန်ကြီးချုပ် Srettha Thavisin က အကြံပြုပြောကြားခဲ့သည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand