Thailand

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement-FTA) လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၃-၂- ၂၀၂၄ ရက်နေ့ (စနေနေ့)တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းသို့ လက်မှတ်ရေးထိုးခြင်းသည် သီရိလင်္ကာနိုင်ငံအတွက် ဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်မြောက်လာချိန်တွင် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျွန်းနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို အလေးထားသွားမည်ဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေ အကျပ်အတည်းကို အပြင်း  အထန်ခံစားရပြီးနောက် ဘဏ္ဍာရေးအကျပ်အတည်းသို့ ရောက်ရှိသွားသဖြင့် ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်အတွင်း ၃.၈ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ခန့်မှန်းခဲ့သည့် ဆိုးရွားနေသော စီးပွားရေးအခြေ အနေမှ ကူညီပေးရန်ဖြစ်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကြောင့် ကုန်စည်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် မူပိုင်ခွင့်ရေးရာတို့ အပါအဝင် ဈေးကွက်အခွင့်အလမ်းများ တိုးတက်လာနိုင်ကြောင်း အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။

FTA သည် နှစ်နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အသွားအပြန်ပုံစံရှိသော အလားအလာများရှာဖွေရန် ပုဂ္ဂလိကကဏ္ဍကို အားပေးသွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် သီရိလင်္ကာနိုင်ငံ၊ လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှုအတွက်လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့မှစ၍ ထိုင်းအပြည်ပြည်ဆိုင်ရာ‌ လေကြောင်းလိုင်းသည် ဗန်ကောက်-ကိုလံဘို လမ်းကြောင်းကို ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယခု FTA သည် ထိုင်းနိုင်ငံ၏ ၁၅ ခုမြောက် ရေးထိုးသည့် FTA ဖြစ်ပြီး ဝန်ကြီးချုပ် Srettha Thavasin တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးဖြစ်ကြောင်း၊ အခြေခံ အဆောက်အဦးကောင်းများ၊ ထုတ်လုပ်မှုနှင့် စွမ်းအင်ထောက်ပံ့မှုကောင်းသော သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးချဲ့ထွင်မည့် ထိုင်းနိုင်ငံသားများအတွက် အခွင့်အလမ်းကောင်းများဖြစ်ကြောင်း ဝန်ကြီးချုပ်ကဖြည့်စွက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုင်း-သီရိလင်္ကာ FTA သည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွန်ခံစားခွင့်များပေးနိုင်ပြီး ကျွန်းနိုင်ငံသည် ထိုင်းနိုင်ငံ၏ ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းမှတစ်ဆင့် အာဆီယံ၏ ထောက်ပံ့ပို့ဆောင်ရေး အချက်အခြာဖြစ်လာနိုင်ပြီး အဓိက မိတ်ဖက်နိုင်ငံဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၂၀.၄ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။ သီရိလင်္ကာနိုင်ငံသည် နိုင်ငံငယ်ဖြစ်သော်လည်း အခြေခံအဆောက်အဦးကောင်းများရှိခြင်းကြောင့် FTA လက်မှတ်ရေးထိုးခြင်းဖြင့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် အကျိုးကျေးဇူးများ ခံစားနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

         

 

Source: www.bangkokpost.gov၊

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand