China (HongKong)

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ လုပ်ငန်း ၃၀၀ အား InvestHK ကူညီဆောင်ရွက်ပေးခဲ့

Last Updated:

ဟောင်ကောင်ဒေသအစိုးရ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေးအတွက် တာဝန်ယူဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည့် InvestHK  သည် တရုတ်ပြည်မနှင့် ကမ္ဘာ့နိုင်ငံများမှ ကုမ္ပဏီပေါင်း ၃၈၂ ခုကို ဟောင်ကောင်ဒေသ၌ လာရောက်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ငန်းတိုးချဲ့ခြင်းများအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ထိုပမာဏသည် ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း  Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် “InvestHK assists over 300 overseas and Mainland firms in 2023 ” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အဆိုပါ ကုမ္ပဏီ ၃၈၂ ခု မှာ နိုင်ငံ/ ဒေသပေါင်း ၄၅ ခုမှ ဟောင်ကောင်ဒေသသို့ လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၁၃၆ ခု ဖြင့် အများဆုံးလာရောက် လုပ်ကိုင်ခြင်းဖြစ်ကာ ၎င်းနောက်တွင် ဗြိတိန် (၄၈)၊ အမေရိကန် (၃၄)၊ စင်ကာပူ (၂၇) နှင့် ဩစတြေးလျ (၁၃) တို့ အသီးသီးရပ်တည်လျက်ရှိပါသည်။

ထို့သို့လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်မှု မြင့်တက်လာခြင်းကြောင့် ဟောင်ကောင်ဒေသသို့ ရင်းနှီးမြှုပ်နှံမှု ဟောင်ကောင်ဒေါ်လာ ၆၁.၆ ဘီလီယံ ဝင်ရောက် လာပြီး အလုပ်အကိုင်အခွင့်အလမ်း ၄,၁၀၀ ကျော် ဖန်တီးနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

InvestHK မှ ဦးစားပေးဖိတ်ခေါ်သည့် ကဏ္ဍများမှာ ငွေရေးကြေးရေး ဝန်ဆောင်မှုများ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာနှင့် family offices လုပ်ငန်းများဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကိုဗစ်-၁၉ အလွန် အာရှဒေသမဟာဗျူဟာများ ပြန်လည် အာရုံစိုက်လာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံစုံလုပ်ငန်းကြီးများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စီးပွားရေးအခြေစိုက်ရာ နေရာအဖြစ် ဟောင်ကောင်ဒေသသည် အကာင်းဆုံးရွေးချယ်မှုဖြစ်လာသည်ဟု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ညွှန်ကြား ရေးမှူးချုပ် Alpha Lau က ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)