China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ် ဂျီဒီပီတိုးတက်မှု မျှော်မှန်းချက်ထက်နိမ့်ကျ

Last Updated:

ခရီးသွားလာရောက်မှုနှင့် တစ်ဦးချင်းသုံးစွဲမှုများကြောင့် ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုသည် ယခင်နှစ် အလားတူကာလထက် ၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် ဟောင်ကောင်ဒေသ အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၄.၁ ရာခိုင်နှုန်း၊ ဒုတိယနှင့် ပထမသုံးလပတ်များထက် ၁.၅ ရာခိုင်နှုန်းနှင့် ၂.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံး ဂျီဒီပီတိုးတက်မှုအနေဖြင့် ယခင်နှစ်ကထက် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ဒေသအစိုးရမှ ကြိုတင်ခန့်မှန်းထားသည့် စီးပွားရေးတိုးတက်မှုနှုန်း ၄-၅ ရာခိုင်နှုန်း ထက်နိမ့်ကျနေခဲ့ပါသည်။

၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း တစ်ဦးချင်းသုံးစွဲမှု ၃.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ပို့ကုန်တင်ပို့မှုအနေဖြင့် ယခင်သုံးလပတ်ကာလထက် ၈.၇ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှု ၃.၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ ပြင်ပနိုင်ငံများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် ဖိအားသက်ရောက်နေမည်ဖြစ်ကြောင်း၊ အစိုးရ၏ အခမ်းအနားကြီးများ တိုးမြှင့်လုပ်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ ခရီးသွားလာရောက်မှုနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဦးမော့နေခြင်းကြောင့် ခရီးသွားပိုမိုလာရောက်ခြင်းနှင့် မျှော်မှန်းချက်အတိုင်း အင်အားကြီးနိုင်ငံများအနေဖြင့် အတိုးနှုန်း လျှော့ချသွားပါက စီးပွားရေးအခြေအနေ ပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)