Korea

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များတင်ပို့မှုအတွက် တရုတ်နိုင်ငံကိုအားထားမှီခိုနေရမှုလျော့နည်းလာ

Last Updated:

 

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များတင်ပို့ရာ အဓိကဈေးကွက်ကြီးအဖြစ် ဆယ်စုနှစ်နှစ်ခုနီးပါး နေရာယူထားသည့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု တဖြည်းဖြည်းလျော့ကျလာသည်ဟု ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်း (Korea International Trade Association) က ပြော ကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှ စုစုပေါင်းတင်ပို့မှု၏ ၂၆.၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် စုစုပေါင်းတင်ပို့မှု၏ ၂၂.၈ ရာခိုင်နှုန်းကိုသာ တင်ပို့နိုင်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင်မူ စုစုပေါင်းတင်ပို့မှု၏ ၁၉.၅ ရာခိုင်နှုန်းကိုသာ တင်ပို့နိုင်ခဲ့ကြောင်း ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်း ကပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်‌ရေး၊ စက်မှုနှင့် စီးပွားရေးဝန်ကြီးဌာနက ၆.၆.၂၀၂၃ ရက် နေ့က ထုတ်ပြန်သောအစီရင်ခံစာတွင်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်ကျဆင်းခဲ့ပြီး ၁၂ လ ဆက်တိုက် ပို့ကုန်တင်ပို့နိုင်မှု ကျဆင်းခဲ့ပြီဖြစ်သည်ဟု ဖော်ပြထားပါသည်။ တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံတင်ပို့မှုကျဆင်းရုံသာမက တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင်လည်း ကုန်သွယ်မှုလိုငွေပြလာခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများကြောင့် တရုတ်နိုင်ငံသည်  တောင်ကိုရီးယားနိုင်ငံမှ အဓိကဝယ်ယူတင်သွင်းနေရသည့် တစ် ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) ကို တရုတ်နိုင်ငံပြည်တွင်း၌ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ပြီဖြစ်သည့်အပြင် တရုတ်ပြည်တွင်း Smart Phone ဈေးကွက်ကျဆင်းလာသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် Smart Phone တွင်အသုံးပြုသည့် မှတ်ဉာဏ်ချစ်ပ်ပြားများ (Memory Chips) ကို တရုတ်နိုင်ငံမှ ဝယ်လိုအားကျဆင်းလာခြင်းတို့ကြောင့် ပို့ကုန်တင်ပို့မှု ကျဆင်းကာ ကုန်သွယ်မှုလိုငွေပြလာသည်ဟု Dynamic Random-Access Memory Chips နှင့် Flash Memory Chips များထုတ်လုပ်သည့် SK Hynix Inc. က ပြောကြားပါသည်။

၂၀၂၃ ခုနှစ်၊ ပထမသုံးလအတွင်း တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ Semiconductors ကဲ့သို့ ကုန်ကြမ်းပစ္စည်းများ (Intermediate Goods) တင်ပို့မှုကျဆင်းလာသော်လည်း အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် အခြားသောနိုင်ငံများသို့ Intermediate Goods များ တင်ပို့မှုမြင့်မားလာကြောင်း၊ အလားတူကာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ Intermediate Goods တင်ပို့နိုင်မှု ရာခိုင်နှုန်းသည် စုစုပေါင်းတင်ပို့မှု၏ ၁၃.၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ရာ  ၂၀၂၁ ခုနှစ် တင်ပို့မှုရာခိုင်နှုန်းဖြစ်သည့် ၁၁.၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ၁.၇ ရာခိုင်နှုန်း မြင့်မား လာခဲ့ပါသည်။  အိန္ဒိယနိုင်ငံသို့တင်ပို့မှုမှာလည်း ၂.၉ ရာခိုင်နှုန်းမှ ၃.၇ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ပြီး ဩစတြေးလျနိုင်ငံသို့ တင်ပို့နိုင်မှုသည်လည်း  ၁.၃ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ပါ သည်။

 အမေရိကန်ပြည်ထောင်စုသို့ Intermediate Goods တင်ပို့မှုသာမက ရေနံထွက်ပစ္စည်းများ၊ ရေနံဓါတုပစ္စည်းများ၊ သံမဏိ၊ ကားပစ္စည်းများ၊ Secondary Batteries များ၊ ပလတ်စတစ်ပစ္စည်းများ တင်ပို့မှုလည်းမြင့်မားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စုစုပေါင်းတင်ပို့မှု ပမာဏသည် ဧပြီလအတွင်း အမေရိကန် ဒေါ်လာ ၉.၁၈၄ ဘီလီယံရရှိခဲ့ရာ ယင်းကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှရရှိသည့် ဝင်ငွေစုစု ပေါင်းဖြစ်သည့် ၉.၅၁၇ ဘီလီယံထက် အမေရိကန်ဒေါ်လာ ၃၃၀ သန်းသာ လျော့နည်းခဲ့သဖြင့် တရုတ် နိုင်ငံနေရာကို အစားထိုးလာနိုင်ဖွယ်ရှိနေပါသည်။

 

 

         

Source: The Korea Herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea