China(Nanning)

ရုရှားနိုင်ငံမှ ပဲပုပ်များ တရုတ်နိုင်ငံသို့ ရောက်ရှိလာ၍ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အားအင်သစ်များဖြစ်

Last Updated:

ရုရှားနိုင်ငံမှ တင်ပို့ခဲ့သည့် ပဲပုပ် (၂၇၁.၆)တန်သည် တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Manzhouli ဆိပ်ကမ်းသို့ ၂-၆-၂၀၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံကို ရုရှားအပါအဝင် Eurasian Union အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ပေးထားသည့် New Land Grain Corridor ကို အသုံးပြု၍ စတင်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံမှပဲပုပ်တင်သွင်းမှုသည် တရုတ်နှင့်ရုရှားတို့အကြား လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှုတွင် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုကို ပြသရုံသာမက စားနပ်ရိက္ခာဖူလုံရေးအတွက် ရောင်းချသူတစ်ဦးတည်း အထူးသဖြင့်အမေရိကန်နိုင်ငံအပေါ် မှီခိုအားထားနေရခြင်းကိုလျှော့ချ၍ မတူညီသောရောင်းချသူများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရေရှည်တွင် ရုရှားမှပဲပုပ်ရောင်းချမှု သိသိသာသာတိုးလာမည်ဟု မျှော်လင့်ထားကြောင်း၊ ရုရှားမှပဲပုတ်အပါအဝင် ကောက်ပဲသီးနှံတန်ချိန်(၈)သန်းခန့်သည် Manzhouli ဆိပ်ကမ်းတစ်ခုတည်းသို့ နှစ်စဉ်ရောက်ရှိမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုတွင် တွန်းအားသစ်များ ရရှိစေမည်ဖြစ်ကြောင်း Global Times ၏ လေ့လာချက်အရသိရှိရပါသည်။

တရုတ်နိုင်ငံသည် ပဲပုပ်ကို အဓိကစားသုံးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး  ရုရှားနိုင်ငံသည် ကောက်ပဲသီးနှံ အမြောက်အမြားထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပဲပုတ်စိုက်ပျိုးခြင်းမှအစ ပြုပြင်ထုတ်လုပ်ခြင်း၊ သုတေသနပြုခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုစသည့် နယ်ပယ်များတွင် ပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်လာကြကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံမှ သွင်းကုန်လမ်းကြောင်းသစ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အရေးကြီးသောအစိတ်အပိုင်းဖြစ်ပြီး ပဲပုတ်တင်သွင်းမှုအတွက် အမေရိကန်ကဲ့သို့ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုအားထားမှုကို လျှော့ချရန်တွန်းအားပေးမှု တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

Manzhouli ဆိပ်ကမ်းမှတစ်ဆင့် ပထမဆုံးသယ်ယူပို့ဆောင်မှုသည် တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံတင်သွင်းမှုမဟာဗျူဟာနှင့် ပြည်ပနှင့် စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုအတွက် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူမှုအဖွဲ့ချုပ်၏ ဒါရိုက်တာ Kang Shuchun က Global Times သို့ ၄-၆-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌စားသုံးသောပဲပုတ်၏ (၈၅)ရာခိုင်နှုန်းသို့မဟုတ်တန်ချိန် (၁၀၀)သန်း နီးပါးကို နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရပြီး အမေရိကန်နှင့်ဘရာဇီးလ်တို့သည် အဓိကတင်သွင်းသူများဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ပြည်ပမှ တင်သွင်းမှုများအပေါ် အလွန်အမင်းမှီခိုနေရခြင်းကြောင့် ပဲပုပ်ထုတ်လုပ်မှု စွမ်းရည်နှင့် ပြည်တွင်းဖူလုံမှုနှုန်းတိုးမြှင့်ရန်လိုအပ်သည်ဟု ပညာရှင်များက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ရုရှားနိုင်ငံမှပဲပုတ်သည် တရုတ်နိုင်ငံ၏ စုစုပေါင်း ပဲပုတ်တင်သွင်းမှုပမာဏ၏ အနည်းငယ်မျှသာရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် ပဲပုတ်ထုတ်လုပ်နိုင်မှု နည်းပါးခြင်းနှင့်ရုရှားပဲပုတ်၏အရည်အသွေးမြင့်မားခြင်းတို့ကြောင့် အနာဂတ်တွင် အခွင့်အလမ်းများကို အသုံးချရန် အလားအလာရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားပဲပုတ်သည် ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားသည့်အပြင် မျိုးဗီဇပြုပြင်မွမ်းမံထားခြင်း မရှိသည့်အတွက် တရုတ်စားသုံးသူများ၏ လက်ခံသုံးစွဲမှုကို ရရှိမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်နိုင်ငံရေးအရ ခိုင်မာသောဆက်ဆံရေးကိုရရှိထားပြီး နှစ်နိုင်ငံအကြားရှည်လျားသော နယ်နိမိတ်ထိစပ်မှုလည်းရှိနေကြောင်းနှင့် Tongjiang-Nizhneleninskoye ရထားလမ်းအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ပိုမိုဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုသည် ပိုမိုလွယ်ကူမြန်ဆန်လာကြောင်းလည်းသိရှိရပါသည်။

 

Source: https://www.globaltimes.cn/page/202306/1291902.shtml

စီးပွားရေးသံမှူး ၊ နန်နင်း

Category: China(Nanning)