China(Nanning)

တရုတ်နိုင်ငံသည် gallium နှင့် germanium တို့ ပါဝင်သည့် စက်မှုထုတ်ကုန်များ တင်ပို့မှုကို ကန့်သတ်လိုက်

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားအတွက် gallium နှင့် germanium တို့ ပါဝင်သော စက်မှုထုတ်ကုန်များနှင့် ပစ္စည်းများတင်ပို့မှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှစတင်၍ ကန့်သတ်ချက် ချမှတ်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေးဥပဒေ၊ နိုင်ငံခြားကုန်သွယ်မှုဥပဒေနှင့် အကောက်ခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ semiconductor များနှင့် optoelectronic စက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် gallium နှင့် semiconductor လုပ်ငန်းအတွက် အရေးကြီးသော ကုန်ကြမ်းဖြစ်သည့် germanium တို့ကို ဇူလိုင်လနောက်ပိုင်းမှစ၍ ခွင့်ပြုချက်မရှိဘဲ တင်ပို့၍မရကြောင်းနှင့် gallium nitride၊ gallium oxide နှင့် zone-refined germanium ကဲ့သို့သော အခြားစက်မှုကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းကိုလည်း တားမြစ်ထားကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပို့ကုန်လိုင်စင်များ လျှောက်ထားရန်လိုအပ်ပြီး ၎င်းတို့၏ လျှောက်လွှာများကို ပြည်နယ်ကူးသန်း ရောင်းဝယ်ရေးဌာနများမှ တစ်ဆင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနသည် သတ်မှတ်ချိန်အတွင်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စာရွက်စာတမ်းများကို သုံးသပ်စစ်ဆေးမည်ဖြစ်ပြီး သုံးသပ်မှုအပေါ်အခြေခံ၍ လိုင်စင်ထုတ်ပေးရန် (သို့မဟုတ်) ငြင်းပယ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း စျေးကွက်သုတေသနကုမ္ပဏီ JW Insights ၏ အထွေထွေမန်နေဂျာ Han Xiaomin က ယခုကန့်သတ်လိုက်သည့်ပစ္စည်းများသည် semiconductors အတွက် အရေးကြီးသော ပစ္စည်းများဖြစ်ပြီး ၎င်းတို့သည် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုမှုများနှင့်လည်း ဆက်စပ်နေကြောင်းနှင့် ယခုကန့်သတ်မှုသည် တရုတ်နိုင်ငံအပေါ် အမေရိကန်မှ chips တင်ပို့မှု ထိန်းချုပ်ခြင်းကို တုံ့ပြန်မှုတစ်ခုဖြစ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Gallium nitride သည် စွမ်းဆောင်ရည်မြင့်မားသော semiconductor ထုတ်လုပ်နိုင်သည့် ပစ္စည်းအသစ်ဖြစ်ပြီး အီလက်ထရွန်များကို ဆီလီကွန်ထက် အဆ (၁,၀၀၀) ကျော်ပို၍ ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ gallium နှင့် germanium တို့နှင့်ဆက်စပ်ပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်ရေး အစီအမံများသည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်းနှင့် ယင်း လုပ်ဆောင်ချက်များသည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်လည်း ကိုက်ညီကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများသည် အဆိုပါပို့ကုန်များအပေါ် လုံးဝတားမြစ်ခြင်း မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာစည်းမျဉ်းများနှင့် ကိုက်ညီသည့်ပစ္စည်းများကို တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shu Jueting က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ကြေညာချက်မထုတ်ပြန်မီ တရုတ်-အမေရိကန်နှင့် တရုတ်-အီးယူ ပို့ကုန်ထိန်းချုပ်ရေး ဆွေးနွေးပွဲများကဲ့သို့သော လမ်းကြောင်းများမှ ကြိုတင်သတိပေးမှုများ ပြုလုပ်ခဲ့ သည်ဟု သူမက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.chinadaily.com.cn/a/202307/03/WS64a2e578a310bf8a75d6cfab.html   

www.chinadaily.com.cn/a/202307/06/WS64a673f5a310bf8a75d6da31.html    

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)