Russia

ရုရှားနိုင်ငံသည် လာမည့်နှစ်တွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီများ တိုးမြှင့်ထုတ်လုပ်၍ ပို့ကုန်တင်ပို့နိုင်ရန် ပံ့ပိုးပေးမည်

Last Updated:

ရုရှားနိုင်ငံသည် လာမည့်နှစ်များတွင် ဓာတ်ဆီတန်ချိန် ၄ သန်းနှင့် ဒီဇယ်ဆီတန်ချိန် ၃၀  သန်း တိုးမြှင့်ထုတ်လုပ်မည်ဖြစ်ပြီး လောင်စာဆီများ၏ ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းမည်ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

လောင်စာဆီ စျေးနှုန်းများသည် ငွေကြေးဖောင်းပွမှုထက် ပိုမိုမကြီးထွားသင့်ကြောင်း၊ လာမည့်နှစ်များအတွင်း ဓာတ်ဆီတန်ချိန် ၄ သန်းခန့်နှင့် ဒီဇယ်ဆီ တန်ချိန် ၃၀ သန်းခန့် ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ယင်းကဲ့သို့ တိုးမြှင့်ထုတ်လုပ်ခြင်းသည် ပြည်တွင်း ဈေးကွက်နှင့် ပို့ကုန်တင်ပို့မှုအတွက် လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အစိုးရသည် ပြည်တွင်းဈေးကွက်တွင် လိုအပ်သော ရေနံထွက်ကုန်ပစ္စည်း ပမာဏများကို ပံ့ပိုးပေးနိုင်ရန် လိုအပ်သောအစီအမံများအားလုံးကို လုပ်ဆောင်ခဲ့သဖြင့် လက်ရှိတွင် ရေနံချက် စက်ရုံများသည် တည်ငြိမ်စွာလည်ပတ်နေပြီး ပြည်တွင်းဈေးကွက်ရှိ ၀ယ်လိုအားကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရုရှားပြည်တွင်းဈေးကွက်ရှိ ဓာတ်ဆီဆိုင်များတွင် ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး လက်ရှိတွင် လောင်စာဆီအရန်သိုလှောင်ထားမှုအနေဖြင့် ဓာတ်ဆီတန်ချိန် ၁.၉ သန်းနှင့် ဒီဇယ်ဆီ တန်ချိန် ၃ သန်းခန့်ရှိကာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏပိုများကြောင်း သိရှိရပါသည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ဓာတ်ဆီတင်ပို့မှု တားမြစ်ချက်ကို ၂၀၂၄ ခုနှစ်၊ နှစ်ကုန်အထိ ကန့်သတ်ထားပြီး ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ထားခြင်း မရှိကြောင်း သိရှိရပါသည်။

 

Source :       https://energo-news.ru/archives/187655

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia