Japan

ဂျပန်နိုင်ငံ၏ စက်မှုထုတ်ကုန် ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

တိုင်ဖုန်းမုန်တိုင်းကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ စက်မှုထုတ်ကုန် ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် စက်ရုံများ၏ ကုန်ထုတ်လုပ်မှု ညွှန်းကိန်းမှာ ၉၉.၇ ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏ စက်မှုထုတ်ကုန် ထုတ်လုပ်မှုမှာ ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း  ဖော်ပြထားပါ သည်။

ဂျပန်နိုင်ငံ၏ စက်မှုထုတ်ကုန် ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မြင့်တက်ခဲ့ပြီး၊ ဩဂုတ်လတွင် ကျဆင်းခဲ့ခြင်းကြောင့် အတက်၊ အကျမတည်ငြိမ်သော်လည်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုထုတ်ကုန် ထုတ်လုပ်နိုင်မှုကို ယခင်လအပေါ် အခြေခံ၍သာ ချင့်ချိန်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အနာဂတ် အလားအလာအပေါ် ကြိုတင်ခန့်မှန်းရန် ခက်ခဲသော်လည်း ကုမ္ပဏီများ၏ ထုတ်လုပ်မှုစီမံချက်များအရ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ကုန်ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာရန် မျှော်မှန်းကြောင်း ဂျပန်စီးပွားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းကောက်ယူခဲ့သည့် စက်မှုကဏ္ဍ ၁၅ ခုအနက် ၁၂ ခုတွင် ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့သည်ကို တွေ့ရှိရပြီး၊ ၃ ခုမှာ ကုန်ထုတ်လုပ်မှု မြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ စက်မှု ကုန်ထုတ်လုပ်မှုကျဆင်းမှု၏ ၁၀.၆ ရာခိုင်နှုန်းမှာ မော်တော်ယာဉ် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း၊ တိုင်ဖုန်းမုန်တိုင်းကြောင့် Toyota Motor Corp. ၏ စက်ရုံ ၁၂ ရုံကျော်မှာ ခေတ္တရပ်နားခဲ့ရခြင်းကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း၊ လျှပ်စစ်ပစ္စည်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်မှုမှာ ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် ပစ္စည်းများကဲ့သို့သော စက်ပစ္စည်းများ ထုတ်လုပ်မှုမှာ ၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မော်တော်ယာဉ်မှအပ အခြားသော သယ်ယူပို့ဆောင်ရေးပစ္စည်းများ ထုတ်လုပ်မှုမှာ ၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ လျှပ်စစ်ပစ္စည်းနှင့်စက်ကိရိယာများထုတ်လုပ်မှုမှာ ၂.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်မှုထုတ်ကုန် တင်ပို့မှုညွှန်းကိန်းမှာ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉၇.၆ ရှိခဲ့ကြောင်း၊ စက်မှုထုတ်ကုန်များ သိုလှောင်မှုညွှန်းကိန်းမှာ ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၀၂.၄ ရှိခဲ့ကြောင်း၊ ထုတ်လုပ်သူများအား စစ်တမ်းကောက်ယူချက်အရ စက်မှုထုတ်ကုန်ထုတ်လုပ်မှုမှာ စက်တင်ဘာလတွင် ၂ ရာခိုင်နှုန်းနှင့်အောက်တိုဘာလတွင် ၆.၁ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။


 

Source: The Nikkei Asia

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: Japan