၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရုရှားနိုင်ငံ၏ သစ်သီးဝလံများ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်းတိုးလာကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး ကြီးကြပ်ကွပ်ကဲမှု ဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် အထိ ရုရှားနိုင်ငံ၏ သစ်သီးဝလံထွက်ကုန်များ တင်သွင်းမှုပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွင်း သစ်သီးဝလံ တင်သွင်းမှုပမာဏတန်ချိန် ၄.၆ သန်း ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၅ သန်းနီးပါးရှိ၍ ယေဘုယျအားဖြင့် ၈.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ပန်းသီးနှင့် သစ်တော်သီးများ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် အလားတူ ကာလအတွက် တန်ချိန် ၅၀၂,၈၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၅၃၁,၄၀၀ ထိ တိုးတက်ခဲ့၍ ၅.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း Rosselkhoznadzor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး မျိုးဝင်အသီးများအတွက် တင်သွင်းမှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တန်ချိန် ၁.၃ သန်းအထိရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အဆိုပါကာလတွင် မက်မွန်သီး၊ ဇီးသီး၊ ချယ်ရီသီး မျိုးဝင်အသီးများအတွက် တင်သွင်းမှုသည် တန်ချိန် ၇၂၁,ဝဝဝ ရှိပြီး ၁.၉ ရာခိုင်နှုန်းတိုးလာကာ ဘယ်ရီသီးနှင့် အခြားသစ်သီးများ တင်သွင်းမှုသည် တန်ချိန် ၄၃၅,၃၀၀ ရှိပြီး ၂၉.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ထို့အပြင် ငှက်ပျောသီးတန်ချိန် ၁.၁၆ သန်း တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တူညီသောပမာဏတွင်ရှိသည်။
ရုရှားနိုင်ငံသည် လတ်ဆတ်သစ်သီးဝလံများကို တူကီယဲ၊ အီကွေဒေါ၊ အဇာဘိုင်ဂျန် စသည့်နိုင်ငံများမှ အဓိကတင်သွင်းလျက်ရှိပြီး နိုင်ငံအတွင်း သစ်သီးစားသုံးမှု မြင့်တက်လျက်ရှိသဖြင့် တင်သွင်းမှုပမာဏသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိသည်။ ရုရှားနိုင်ငံသားများသည် လတ်ဆတ်သစ်သီးဝလံအမျိုးမျိုးကို ရည်ရွယ်ချက်မျိုးစုံဖြင့် နှစ်သက်စွာစားသုံးကြ သည်။ ယင်းကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးနှင့် သရက်သီးများအပါအဝင် လတ်ဆတ်သစ်သီးဝလံများသည် ရုရှားနိုင်ငံသို့ တင်ပို့နိုင်သော ဈေးကွက်အလားအလာရှိသည့် ကုန်စည်များဖြစ်ကြောင်း သိရှိရသည်။
Source : https://www.alta.ru/external_news/114338/
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)