China(Nanning)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထွက် အရည်အသွေးမြင့်ကော်ဖီစေ့များသည် ကော်ဖီအမှတ်တံဆိပ်များအတွက် ဆွဲဆောင်မှုရှိလာ

Last Updated:

ပြည်တွင်းနှင့်နိုင်ငံတကာမှ ကော်ဖီအမှတ်တံဆိပ်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်မှ အရည်အသွေးမြင့်ကော်ဖီစေ့များကို ပိုမိုနှစ်သက်လာကြသဖြင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ကော်ဖီလုပ်ငန်းကို ထပ်မံချဲ့ထွင်ရန် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ကော်ဖီစိုက်ဧရိယာ အကြီးဆုံးဖြစ်ပြီး ၎င်း၏အမြင့်ပေနှင့် အပူပိုင်းဒေသ ရာသီဥတုသည် အရည်အသွေးမြင့်ကော်ဖီစေ့များကို စိုက်ပျိုးရန်အတွက် စံပြဖြစ်လာကြောင်း၊ ယူနန်ပြည်နယ်သည် အာရေဗီကာကော်ဖီစေ့များကို အဓိက ထုတ်လုပ်ပြီး စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်နှင့် အရည်အသွေးမြင့်ကော်ဖီစေ့များကို ပိုမိုထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

ပြည်ပမှ ကော်ဖီအမှတ်တံဆိပ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့်အပြင် Luckin Coffee၊ Seesaw နှင့် M Stand ကဲ့သို့သော ထွန်းသစ်စ ပြည်တွင်းကော်ဖီဆိုင်များကြားတွင် ယူနန်ကော်ဖီစေ့များကို ကြိုက်နှစ်သက်မှုများလာကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်၏ စုစုပေါင်း ကော်ဖီစေ့ထွက်ရှိမှုသည် (၁၁၃,၆၀၀) မက်ထရစ်တန်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကော်ဖီစိုက်ပျိုးထွက်ရှိသော ဟိုင်နန်ပြည်နယ်ထက် (၈) ဆပိုများသည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်သည် နိုင်ငံနှင့် ဒေသပေါင်း (၄၃) ခုသို့ ကော်ဖီစေ့တန်ချိန် (၈,၇၀၀) တင်ပို့ခဲ့ပြီး စာရင်းအရ ဂျာမနီသို့ အများဆုံးတင်ပို့ခဲ့ပြီး နယ်သာလန်၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သို့လည်း တင်ပို့ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

ကော်ဖီစေ့များကို ပြည်တွင်း၌သာ ဝယ်ယူခြင်းသည် ပို၍အဆင်ပြေသည့်အတွက် တရုတ်နိုင်ငံ၌ ဆိုင်ဖွင့်လှစ်ထားသည့် နိုင်ငံတကာမှ ကော်ဖီလုပ်ငန်းများ၏ စုစုပေါင်းကော်ဖီစေ့သုံးစွဲမှုတွင် ယူနန်ပြည်နယ်ထွက် ကော်ဖီစေ့များကို သုံးစွဲမှုအချိုးသည် တိုးတက်လာသည်ဟု ယူနန်ကော်ဖီအသင်းဥက္ကဋ္ဌ Li Xiaobo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယူနန်ပြည်နယ် Menglian ဒေသရှိ ကော်ဖီစိုက်ပျိုးသူ Jin Tao က ၎င်း၏ ကော်ဖီစိုက်ခင်းကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး ကော်ဖီမျိုးကွဲအချို့ကို စိုက်ပျိုးခဲ့သဖြင့် ကော်ဖီထွက်ရှိမှုပမာဏသည် တစ်ဟက်တာလျှင် ကီလိုဂရမ် (၂၀) မြင့်တက်လာပြီး ကော်ဖီအရည်အသွေး သိသိသာသာ တိုးတက်လာကာ အရည်အသွေးမြင့် ကော်ဖီစေ့များ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၎င်း၏ ကော်ဖီစိုက်ခင်းများအပြင် အခြားကော်ဖီစိုက်ပျိုးသူ (၃၄၅) ဦးသည်လည်း ၎င်း၏လုပ်ငန်းနှင့် ပူးပေါင်းခဲ့ပြီး ကော်ဖီပြုပြင်ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ထောင်ခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် တရုတ်နိုင်ငံအနှံ့မှ ကော်ဖီကြိုက်နှစ်သက်သူများကို ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Tao က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ၎င်းသည် ကော်ဖီပြုပြင်ထုတ်လုပ်သည့်စက်ရုံ၏ နည်းပညာကို အဆင့်မြှင့်တင်ရန်အတွက် ယွမ် (၇.၂) သန်း (အမေရိကန်ဒေါ်လာ ၁.၀၁ သန်း) ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ပြုပြင်မွမ်းမံမှုသည် အလုပ်သမား လိုအပ်ချက်ကို လျှော့ချနိုင်ခဲ့ပြီး အရည်အသွေးမြင့်ကော်ဖီစေ့ကို (၁၅) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကော်ဖီစေ့ဈေးနှုန်းသည် ပျမ်းမျှဈေးကွက်ပေါက်ဈေးထက် တစ်ကီလိုဂရမ်လျှင် (၂) ယွမ်ပို၍မြင့်နေသော်လည်း ၎င်း၏ရေရှည်ဖောက်သည်များဖြစ်သည့် ကမ္ဘာ့အဆင့် အဖျော်ယမကာ ကုမ္ပဏီဖြစ်သည့် Nestle နှင့် ပြည်တွင်းကော်ဖီဆိုင်ခွဲ Manner တို့သည် ဝယ်ယူမှုပမာဏ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ကော်ဖီစေ့ဝယ်သူ Chen Danqi သည် လွန်ခဲ့သည့် သုံးနှစ်က Menglian တွင် တောင်သူလယ်သမားများအတွက် သမဝါယမတစ်ခုကို တည်ထောင်ခဲ့ပြီး ၎င်း၏ အသိပညာနှင့် အတွေ့အကြုံများကို အသုံးပြုပြီး ဒေသခံတောင်သူလယ်သမားများအား နည်းပညာနှင့် စီမံခန့်ခွဲမှုများ တိုးတက်ကောင်းမွန်အောင် ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။

ကော်ဖီစေ့ဝယ်သူတစ်ဦးအနေဖြင့် ၎င်းသည် ပနားမား၊ ကိုလံဘီယာနဲ့ ဂွာတီမာလာနိုင်ငံ ကဲ့သို့သော ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး ကော်ဖီစေ့ထုတ်သည့် ဒေသများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ယူနန်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်သည် အဆိုပါဒေသများနှင့် ဆင်တူသော်လည်း နည်းပညာ၊ စိုက်ပျိုးမှုအတိုင်းအတာနှင့် စားသုံးသူများ၏ အသိအမှတ်ပြုမှုတို့တွင် ယူနန်ကော်ဖီသည် အတော်လေးနောက်ကျကျန်နေသည်ဟု Chen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Menglian ဒေသအစိုးရ၏အဆိုအရအထွက်နှုန်းမြင့်မားသော ကော်ဖီစေ့စိုက်ခင်းများကို တည်ထောင်ထားပြီး စုစုပေါင်းဧရိယာသည် (၃၃၅၀) ဟက်တာကျော်ရှိကြောင်း သိရှိရပါသည်။ Menglian သည် အရည်အသွေးမြင့်ကော်ဖီစေ့အထွက်နှုန်းကို ဆက်လက်မြှင့်တင်ရန်နှင့် ကော်ဖီမျိုးသစ်များ စိုက်ပျိုးရန် ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရသာမြည်းစမ်းခြင်းတို့ကို ပေါင်းစပ်ထားသည့် စက်မှုဥယျာဉ်တစ်ခု တည်ဆောက်ရန်လည်း ရည်မှန်းထားကြောင်းနှင့် ၎င်းသည် ဒေသထွက်ကော်ဖီစေ့များ၏ ဂုဏ်သတင်းကို တရုတ်ပြည်တွင်းနှင့် ကမ္ဘာတစ်ဝန်းသို့ မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် နိုင်ငံတကာမှကော်ဖီဝယ်သူများသည် ယူနန်ပြည်နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားလာကြကြောင်း၊ တီမောလက်စ်တေ ကော်ဖီအသင်းသည် ယူနန်ပြည်နယ်ရှိ Baoshan ကော်ဖီအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အချို့ကိုရရှိခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Baoshan ဒေသရှိ ကော်ဖီလုပ်ငန်းစုသည် အလွန်အဆင့်မြင့်ပြီး တီမောလက်စ်တေနိုင်ငံအတွင်း ထုတ်လုပ်သည့် ကော်ဖီစေ့များ၏ အရည်အသွေးကို မြှင့်တင်ရန် လေ့လာသင်ယူမှုများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း နိုဝင်ဘာလတွင် Baoshan ၌ ကျင်းပခဲ့သည့် ကော်ဖီလုပ်ငန်း ဆိုင်ရာညီလာခံတစ်ခုသို့ တက်ရောက်ခဲ့သည့် တီမောလက်စ်တေ ကော်ဖီအသင်းဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက်ကော်ဖီအများဆုံးသုံးစွဲသည့် နိုင်ငံဖြစ်လာပြီး ၂၀၂၂ ခုနှစ်တွင် စားသုံးမှုပမာဏ တန်ချိန် (၂၈၈,၀၀၀) အထိရှိခဲ့ကြောင်း၊ ကော်ဖီထိပ်တန်း သောက်သုံးသည့် နိုင်ငံများမှာ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ အဆိုအရ  သိရှိရပါသည်။

ပထမအဆင့်နှင့် ဒုတိယအဆင့်ရှိ တရုတ်မြို့ကြီးများတွင် ရုံးဝန်ထမ်းများ၏ တစ်ဦးချင်း ကော်ဖီသောက်သုံးမှုပမာဏသည် နှစ်စဉ် ခွက် (၃၀၀) ခန့်အထိ ရောက်ရှိလာပြီး အဆိုပါပမာဏသည် တစ်နှစ်လျှင် (၉) ခွက်သာရှိသည့် တရုတ်ပြည်မကြီးရှိ ပျမ်းမျှကော်ဖီသောက်သုံးမှုပမာဏထက် သိသိသာသာ မြင့်မားကြောင်း အတိုင်ပင်ခံလုပ်ငန်း Deloitte ၏ သုတေသနအစီရင်ခံစာအရ သိရှိရပါသည်။

ဝယ်လိုအားတိုးလာခြင်းကြောင့် တရုတ်မြို့ငယ်များတွင် ကော်ဖီဆိုင်ခွဲများပိုမိုဖွင့်လှစ်လာပြီး တတိယအဆင့်နှင့် စတုတ္ထအဆင့်မြို့များတွင် ကော်ဖီသောက်သုံးမှုပမာဏမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ ကော်ဖီလုပ်ငန်းမှ ရောင်းရငွေသည် ၂၀၂၃ ခုနှစ်တွင် ယွမ် (၆၁၇.၈) ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်းနှင့် အတိုင်ပင်ခံလုပ်ငန်း iiMedia Research ၏အဆိုအရ ၂၀၂၅ ခုနှစ်တွင် ရောင်းရငွေသည် ယွမ် (၁) ထရီလီယံကျော် ဖြစ်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံးသူများသည် အဓိကအားဖြင့် အသက် ၂၅ နှစ်မှ ၃၅ နှစ် ကြားဖြစ်ပြီး ၎င်းတို့သည် ပြည်တွင်းထွက်ကုန်များအပေါ် ယုံကြည်မှုမြင့်မားကြောင်း၊ ယင်းအချက်သည် တရုတ်ပြည်တွင်း ကော်ဖီအမှတ်တံဆိပ်များ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုအတွက် အရေးပါပြီး ပြည်တွင်းကော်ဖီဈေးကွက်သည် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း iiMedia Research ၏ သုံးသပ်ချက်ဆိုင်ရာအကြီးအကဲ Zhang Yi က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202401/01/WS65920ac3a3105f21a5079eb3.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)