China(Nanning)

မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှုကို ၂၀၂၄ ခုနှစ်တွင် စတင်မည်ဟု မျှော်မှန်းထား

Last Updated:

မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီး Chan Foong Hin ၏ပြောကြားချက်အရ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများကို ၂၀၂၄ ခုနှစ်တွင် စတင်တင်ပို့မည်ဟု သိရှိရပါသည်။ ဒူးရင်းသီးတင်ပို့မှုကို တရုတ်နှင့် မလေးရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် မေလ (၃၁)ရက်နေ့တွင် စတင်ရန် စီစဉ်ထားကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်အကောက်ခွန်နှင့် မလေးရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနတို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ မလေးရှားနိုင်ငံမှ လတ်လတ်ဆတ်ဆတ် ဒူးရင်းသီး တင်ပို့မှုဆိုင်ရာ သဘောတူညီချက် (၆) ချက်ကို လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်မှ ဒူးရင်းသီး၏ ပိုးမွှားအန္တရာယ်အကဲဖြတ်မှုကို အရှိန်မြှင့်တင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သီးသန့်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ရာတွင် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါ သည်။

တရုတ်စားသုံးသူများကို အကောင်းမွန်ဆုံး အရသာရရှိစေရန်အတွက် အပြည့်အဝမှည့်နေသည့် ဒူးရင်းသီးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း Chan မှ ပြောကြားခဲ့ပါသည်။ သို့သော်လည်း ထိုအချက်သည် ဒူးရင်းသီးမှည့်များ၏ သက်တမ်းတိုတောင်းမှုကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုအချို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၊ စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် လေကြောင်းနှင့် ရေကြောင်းကုန်စည်ပို့ဆောင်ရေးအပါအဝင် သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးကို လေ့လာအကဲဖြတ်လျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ လေကြောင်းဖြင့် ပို့ဆောင်ပါက ဒူးရင်းသီးများကို စိုက်ခင်းမှ ခူးဆွတ်ပြီး (၄၈) နာရီအတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း၊ အဆိုပါ (၄၈) နာရီအတောအတွင်း အကောက်ခွန်ရှင်းလင်းခြင်းအပြင် ကွာလာလမ်ပူမှ နန်နင်းသို့ လေးနာရီကြာ လေယာဉ်ပျံသန်းချိန်လည်းပါဝင်ကြောင်း၊ တရုတ်နိုင်ငံသို့ရောက်ရှိပြီး မကြာမီ အသီး အနှံများကို တရုတ်စားသုံးသူများထံသို့ ရောက်ရှိစေရန်အတွက် ကြိုတင်ရောင်းချမှု နည်းလမ်းကို ကျင့်သုံးရန် အရေးကြီးကြောင်းလည်း ကျွမ်းကျင်သူများက အလေးပေးဖော်ပြထားသည်ဟု သိရှိရပါသည်။

လက်ရှိတွင် ထုပ်ပိုးမှုစနစ်သည် သစ်သီးများ၏ လတ်ဆတ်မှုကို အနည်းဆုံး (၇) ရက်မှ အများဆုံး (၂၁) ရက်အထိ အာမခံပေးထားပြီး ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုအတွက်လည်း အခွင့်အလမ်းများရှိကြောင်း၊ နှစ်နိုင်ငံအကြား ဒူးရင်းသီးတင်ပို့မှု သဘောတူစာချုပ်ကို အပြီးသတ်ပြီးသည်နှင့် မလေးရှားသစ်သီးဝလံကဏ္ဍသည် လာမည့်ရာသီအတွက် ပြီးပြည့်စုံသော တင်ပို့မှုလုပ်ငန်းစဉ်တစ်ရပ်ကိုချမှတ်ရန် စီစဉ်နေကြောင်းလည်း သိရှိရပါသည်။

တရုတ်ဈေးကွက်တွင် လတ်ဆတ်သော ထိုင်းနှင့် ဗီယက်နမ်ဒူးရင်းသီးများ ရောင်းချနေသဖြင့် မလေးရှားနိုင်ငံ၏ Musang King ဒူးရင်းသီးများကို အခြားနေရာမှ အသီးများနှင့် ခွဲခြားနိုင်စေရန် မလေးရှား ဒူးရင်းသီးအမှတ်တံဆိပ်ကို ဖန်တီးရန် ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရှိရပါသည်။ မကြာသေးမီက ထွက်ပေါ်လာသော သတင်းများအရ Musang King ဒူးရင်းသီးများကို ၂၀၁၇ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့သော ဗီယက်နမ်နိုင်ငံသည် အသီးအရည်အသွေး ကျဆင်းမှုကြောင့် စျေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်းနှင့် တစ်ချိန်တည်းတွင် ထိုင်းကုန်သည် အချို့သည် မလေးရှားမှဝယ်ယူထားသော ဒူးရင်းသီးများကို “Thai Musang King” တံဆိပ်အောက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့သည်ဟု ဇွန်လအတွင်းက စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံသည် ဒူးရင်းသီး (၄၅၅,၄၅၈) မက်ထရစ်တန်ကို ထုတ်လုပ်ခဲ့ပြီး (၁၀) ရာခိုင်နှုန်းသည် တရုတ်၊ ဟောင်ကောင်နှင့် စင်္ကာပူသို့ အေးခဲပုံစံဖြင့် တင်ပို့ခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းသီးထုတ်ကုန် များကို တင်ပို့ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလမှစတင်ကာ အေးခဲထားသော ဒူးရင်းသီးအလုံးများကို တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.producereport.com/article/malaysia-anticipates-start-fresh-durian-exports-china-2024

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)