China(Nanning)

ဗီယက်နမ်နိုင်ငံမှ ဖရဲသီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိ

Last Updated:

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China -GACC) မှ သတ်မှတ်ထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဗီယက်နမ်နိုင်ငံမှ ဖရဲသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု  GACC က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုဒ်မှ ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ပြည်တွင်း၌ ဖရဲသီးအများဆုံးထွက်ရှိသည့် ရာသီသည် ဇွန်လမှ အောက်တိုဘာလအထိဖြစ်ပြီး ဗီယက်နမ် ဖရဲသီးများသည် နိုဝင်ဘာလမှ မေလအထိ ထွက်ရှိသောကြောင့် တရုတ်ဈေးကွက်၌ ဖရဲသီးရာသီကုန်ဆုံးချိန်တွင် ဈေးကွက်လိုအပ်ချက်ကို ဗီယက်နမ် ဖရဲသီးများက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဗီယက်နမ် ဖရဲသီးများကို နယ်စပ်ကုန်သွယ်မှုဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော်လည်း တရုတ်အာဏာပိုင်များက စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကြပ်လာသည့် အတွက် ဈေးကွက်မတည်မငြိမ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် ပထမ (၁၀) လအတွင်း တရုတ်နိုင်ငံသို့ နယ်စပ်မှ ဗီယက်နမ် ဖရဲသီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၄) သန်းရှိခဲ့ကြောင်း၊ ယခု ကဲ့သို့ တရားဝင်ဈေးကွက်ဝင်ရောက်ခွင့်ရရှိပါက တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏနှင့် တန်ဖိုးနှစ်ခုစလုံး သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ထားကြကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရန် ရည်ရွယ်သည့် ဥယျာဉ်ခြံများနှင့် ထုပ်ပိုးသည့် စက်ရုံများသည် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development – MARD)တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး GACC မှ အတည်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ လက်ရှိတွင် ဗီယက်နမ်မှ ဖရဲသီး စိုက်ပျိုးသည့် ဥယျာဉ်ခြံ (၁၇၉) ခြံကို တင်ပို့ခွင့်ပြုထားကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် ဘက်တီးရီးယားပိုးမွှား (၅) မျိုးဖြစ်သည့် bacterial fruit blotch (Acidovorax avenae subsp. citrulli)၊ Bactrocera correcta၊ Bactrocera zonata၊ Bactrocera latifronsနှင့် Phenacoccus၊ solenopsis တို့ကို အဓိကထားစစ်ဆေးကြောင်း သိရှိရပါသည်။

ထို့အပြင် ဥယျာဉ်ခြံများသည် MARD ၏ ကြီးကြပ်မှုအောက်တွင် တိကျသည့် အရည်အသွေး စီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များကိုထားရှိ၍ good agricultural practices (GAP) နည်းစနစ်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းပညာများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထုပ်ပိုးမှုပိုင်းအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများတွင် ပိုးမွှားများ၊ ပုပ်နေသောအသီးများ၊ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် မြေဆီလွှာများ မပါရှိစေရန်အတွက် အမျိုးအစားခွဲခြင်း၊ အရည်အသွေး သတ်မှတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို သေချာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် MARD သည် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများ၏ (၂)% ကို ကျပန်းနမူနာယူ၍ ပိုးမွှားအန္တရာယ်ရှိမရှိ စစ်ဆေးရန်လိုအပ်ကြောင်း၊ ပထမနှစ်တွင် ပိုးမွှားပြဿနာများ မရှိပါက နမူနာနှုန်းကို (၁)% သို့ လျှော့ချသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမပြည့်မီသော ဖရဲသီးများ တွေ့ရှိပါက တရုတ်နိုင်ငံအနေဖြင့် တင်ပို့မှု တစ်ခုလုံးကို ပယ်ချခြင်း သို့မဟုတ် ပိုးတွေ့ရှိသည့် ဥယျာဉ်ခြံများနှင့် ထုပ်ပိုးသည့် စက်ရုံများမှ တင်ပို့မှုကို ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဥယျာဉ်ခြံများ သို့မဟုတ် ထုပ်ပိုးသည့်စက်ရုံများမှ တင်ပို့သော ဖရဲသီးများနှင့် တရုတ်နိုင်ငံ၏ အစားအစာဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီသော ဖရဲသီးများသည်လည်း တင်ပို့မှုတစ်ခုလုံးကို ငြင်းပယ်ခြင်းခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: https://www.producereport.com/article/fresh-vietnamese-watermelons-granted-china-market-access

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)